“အလုပ်ခေါ်စာ အဆင်သင့်မရှိပဲ ဝန်ဆောင်ခ ကြိုတောင်းတဲ့ အေဂျင်စီများ ဒဏ်ငွေပေးဆောင်ရမည်”


(ပြည်တွင်း) သြဂုတ် ၁၉
ပြည်ပသို့ အလုပ်သမားစေလွှတ်သည့် အေဂျင်စီများအနေဖြင့် အလုပ်ခေါ်စာအဆင်သင့်မရှိဘဲ ဝန်ဆောင်ခ ကြိုယူထားပါက ဒဏ်ကြေးပေးဆောင်ခိုင်းမည်ဖြစ်ကြောင်း အလုပ်သမားဝန်ကြီးဌာန ကနေ သိရပါတယ်။
အေဂျင်စီများအနေဖြင့် အလုပ်သမားများထံမှ ဝန်ဆောင်ခများ ကြိုယူ၍ ငွေကြေးလိမ်လည်ရယူခြင်း၊ အလွဲသုံးစားပြုလုပ်ခြင်းများကို စိစစ်တွေ့ရှိပါက ငွေကြေးအားလုံးပြန်လည်ပေးအပ်ရမည့်အပြင် အလုပ်သမား တစ်ဦးအတွက် ဒဏ်ကြေး ကျပ် ၅ သိန်း ပေးဆောင်ရမည်ဖြစ်ကြောင်း သိရပါတယ်။
ဒါ့အပြင် အလုပ်ခေါ်စာရရှိပြီး ဝန်ဆောင်ခများ ရယူကာ အကြောင်းအမျိုးမျိုးကြောင့် စေလွှတ်နိုင်ခြင်းမရှိ၍ တိုင်ကြားခံရပါက ပြေလည်အောင် မဖြေရှင်းနိုင်ခြင်း၊ စာချုပ်ချုပ်ဆိုပြီး ၃ လအတွင်း စေလွှတ်နိုင်မှုမရှိခြင်း၊ ဝန်ဆောင်ခကြိုကောက်ပြီး စေလွှတ်ပေးနိုင်မှု မရှိခြင်းကို စိစစ်တွေ့ရှိပါက ဒဏ်ကြေးကျပ် ၄ သိန်း ပေးဆောင်ရန် သတ်မှတ်ထားပါတယ်။
ယင်းအပြင် စာရွက်စာတမ်း သိမ်းဆည်းထားပြီး ပြည်ပသို့ စေလွှတ်နိုင်မှုမရှိဘဲကို အလုပ်သမားများမှ ပြန်လည်တောင်းခံရာတွင် ထုတ်ပေးမှုမရှိပါက ဒဏ်ကြေး ကျပ် ၃ သိန်း၊ အလုပ်သမားညွှန်ကြားရေးဦးစီးဌာနက စေလွှတ်ရေးလုပ်ငန်းစဉ်နှင့်ပတ်သက်သည့် စာရင်းဇယား၊ စာရွက်စာတမ်း၊ အထောက်အထားများ အချိန်မီ မပေးပို့ပါက ပထမအကြိမ် ပျက်ကွက်မှုအတွက် ကျပ် ၁ သိန်း၊ ဒုတိယအကြိမ် ပျက်ကွက်မှုအတွက် ကျပ် ၂ သိန်း၊ တတိယအကြိမ်တွင် ကျပ် ၃ သိန်းနှင့် လိုင်စင်သက်တမ်းကာလအတွင်း အလားတူ အပြစ်မျိုး ထပ်မံကျူးလွန်ပါက ဒဏ်ကြေးဆတိုး ကောက်ခံခြင်းမျိုး ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရပါတယ်။
ပြည်ပသို့ အလုပ်သမားစေလွှတ်သည့် အေဂျင်စီများသည် အလုပ်သမားများထံမှ ဝန်ဆောင်ခများ ကြိုတင်ရယူထားပြီး စေလွှတ်နိုင်မှုမရှိတာကြောင့် အလုပ်သမားများအနေနဲ့ အခက်အခဲများနှင့် ရင်ဆိုင်နေရမှုများ ရှိကြောင်း သိရပါတယ်။
#PAN