US ရောက်သွားသည့် ထိမိဂွိနှင့် စံပြဒေါ်ကြည်ကိုမစားရန် FSIS ပြော

(နိုင်ငံတကာ) သြဂုတ် ၁၈

အမေရိကန်နိုင်ငံကို မြန်မာနိုင်ငံမှတရားမ၀င်တင်သွင်းလာသောအသားနှင့်ကြက်ထွက်ပစ္စည်းအမျိုးမျိုးအား မစားသုံးကြရန် အမေရိကန်စိုက်ပျိုးရေးဌာန၏အစားအစာဘေးကင်းလုံခြုံရေးနှင့်စစ်ဆေးရေးဝန်ဆောင်မှုအဖွဲ့ (FSIS) မှ ကျန်းမာရေးသတိပေးချက် ထုတ်ပြန်ခဲ့သည်။

“ယင်းထုတ်ပြန်ချက်တွင် မြန်မာနိုင်ငံသည် အမေရိကန်သို့ အသားနှင့် ကြက်ထွက်ပစ္စည်းများ တင်ပို့ခွင့် အရည်အချင်းမပြည့်မီသော နိုင်ငံဖြစ်ဟု ဖော်ပြထားပြီး FSIS သည် ဤထုတ်ကုန်များ နိုင်ငံတွင်းသို့ မည်သို့ဝင်ရောက်လာသည်ကို ဆက်လက်စုံစမ်းနေသည်ဟုလည်း ပြောဆိုထားသည်။

အမေရိကန်နိုင်ငံသို့ တင်သွင်းဖြန့်ချီနေသည့် ထိမိဂွိ၊ အဖွားလက်ရာ၊ စံပြဒေါ်ကြည်စသည့် စည်သွပ်ဘူးများမှာ ပြည်သူ့ကျန်းမာရေးသတိပေးချက်နှင့်မကိုက်ညီသော ကုန်ပစ္စည်းများဖြစ်ပြီး တင်သွင်းသည့် တံဆိပ်များတွင် မည်သည့်အမှတ်အသားမှ မပါပဲ ထိုပစ္စည်းများကို နိုင်ငံတစ်ဝှမ်းရှိ လက်လီရောင်းချသည့်နေရာများသို့ ပို့ဆောင်ပေးခဲ့သည်ဟုဆိုသည်။

အဆိုပါ ထုတ်ကုန်များ စားသုံးခြင်းကြောင့် ဆိုးရွားသော တုံ့ပြန်မှုများနှင့် ဖျားနာမှုရှိလာပါက ကျန်းမာရေးစောင့်ရှောက်မှုပေးသူထံ ဆက်သွယ်သင့်သည်ဟုလည်း ပါရှိသည်။

ကုန်ပစ္စည်းများကို ဝယ်ယူပြီးသော လက်လီရောင်းချသူများအနေဖြင့် ဆက်လက် ရောင်းချခြင်းမပြုရန် တိုက်တွန်းထားပြီး အဆိုပါ ထုတ်ကုန်များကို ဝယ်ယူပြီးသော စားသုံးသူများအနေဖြင့်လည်း မစားသုံးရန် နှိုးဆော်ထားသကဲ့သို့ ဤထုတ်ကုန်များကို စွန့်ပစ်ခြင်း သို့မဟုတ် ဝယ်ယူသည့်နေရာသို့ ပြန်လည်အပ်နှံသင့်ဟု အသိပေးထားသည်။

#PAN