“အဆိုးရွားဆုံးပွဲဖြစ်ကြောင်း အယ်ကာရက်ဇ် ဝန်ခံ”

(အားကစား) ဩဂုတ် ၁၈


စင်စင်နာတီအိုးပင်း တင်းနစ်ပြိုင်ပွဲ ဒုတိယအဆင့်မှာ စပိန်တင်းနစ်သမား အယ်ကာရက်ဇ် က ပြင်သစ်နိုင်ငံသား မွန်ဖေးစ် ကို ရှုံးနိမ့်ခဲ့ပြီး အဆိုပါပွဲက သူ့ရဲ့ ကစားသမားဘဝမှာ အဆိုးရွားဆုံးပွဲဖြစ်ခဲ့ကြောင်း အယ်ကာရက်ဇ် က ဝန်ခံသွားခဲ့ပါတယ်။
အခုနှစ်မှာ ဝင်ဘယ်ဒန်နဲ့ ပြင်သစ်အိုးပင်းချန်ပီယံဆုတွေကို ရရှိထားတဲ့ အယ်ကာရက်ဇ် ဟာ အဆိုပါပွဲစဉ်ရဲ့ ပထမပွဲလတ်မှာ အနိုင်ရလဒ်နဲ့ ဦးဆောင်ခဲ့ပေမယ့် နောက်ပိုင်းပွဲတွေမှာ အမှားအယွင်းတွေ များလာခဲ့တာ ဖြစ်ပါတယ်။


ဒါကြောင့်လည်း အယ်ကာရက်ဇ် ဟာ ပွဲယှဉ်ပြိုင်နေချိန်အတွင်းမှာ သူ့ရဲ့ရက်ကက်ကို ဒေါသထွက်ပြီး ရိုက်ချိုး ခဲ့တာကိုလည်း တွေ့ခဲ့ရပါတယ်။ ပြိုင်ပွဲအပြီးမှာတော့ မွန်ဖေးစ် က ၄း၆၊ ၇း၆၊ ၆း၄ ဆိုတဲ့ရလဒ်နဲ့ အနိုင်ရသွားခဲ့ပြီး နောက်တစ်ဆင့်ကို တက်သွားနိုင်ခဲ့ပါတယ်။


အခုပြိုင်ပွဲမှာ ဒုတိယအဆင့်ကနေ ထွက်ခဲ့ရပြီးနောက် အယ်ကာရက်ဇ် က လာမယ့်ပွဲတွေမှာ အခုထက် ပိုကောင်းအောင် ကစားပြနိုင်ဖို့ ကြိုးစားသွားမယ်လို့ ပြောခဲ့ပါတယ်။ အယ်ကာရက်ဇ် အနေနဲ့ လက်ရှိကမ္ဘာ့အဆင့် (၃)နေရာမှာ ရပ်တည်နေပြီး ပွဲအတွင်းခံစားချက်ကို မထိန်းချုပ်နိုင်ခဲ့တဲ့ သူ့ရဲ့အပြုအမူနဲ့ ပတ်သက်လို့လည်း အရေးယူခံရဖွယ်ရှိနေပါတယ်။

PAN