စက်သုံးဆီနှင့်ပတ်သက်သည့် အသိပေးကြေငြာချက် ထုတ်ပြန်ထား

(ပြည်တွင်း) သြဂုတ် ၁၈

ယင်းအသိပေးစာအပြည့်အစုံမှာ –

ရန်ကုန်မြို့နှင့် မန္တလေးမြို့တို့တွင် ယာဉ်တန်းစီဝယ်ယူမှုများပြားလျက်ရှိသဖြင့် လျော့နည်းကျဆင်းရန်အတွက် ဆီသယ်ယာဉ်မရောက်မီကာလအတွင်း စက်သုံးဆီအမယ်အချို့ အချိန်ပိုင်းပြတ်လပ်မှုဖြစ်ပေါ်လျက်ရှိသဖြင့် ပုံမှန်ဖြန့်ဖြူးပေးမှုအပြင် လိုအပ်သည့်ဆိုင်များအား အရေးပေါ်ထပ်မံတိုးမြှင့်ဖြည့်တင်းဖြန့်ဖြူးပေးလျက်ရှိကြောင်း၊ စက်သုံးဆီဝယ်ယူခွင့်ပြုထားသည့် Importer ကုမ္ပဏီများအနေဖြင့် Terminal များတွင် Demand တင်ပြီး စက်သုံးဆီအရောင်းဆိုင်များသို့ အမြန်ဆုံးပို့ဆောင်ရေးစီမံဆောင်ရွက်ပေးသွားရန်ဖြစ်ကြောင်း၊ ပြည်တွင်းစက်သုံးဆီလက်ကျန်အခြေအနေနှင့် ပြည်ပမှဝင်ရောက်လာမည့် ဆီတင်သင်္ဘောများ၏ အခြေအနေအရ စက်သုံးဆီပြတ်လပ်နိုင်ခြင်းမရှိနိုင်ကြောင်းကိုလည်း စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေးကော်မတီမှ သတင်းထုတ်ပြန်ထားပြီးဖြစ်ပါသည်။

ဒါ့အပြင် ကုန်သွယ်မှုနှင့် ကုန်စည်စီးဆင်းမှုများ မှန်ကန်မြန်ဆန်စေရေးဗဟိုကော်မတီမှ တာဝန်ရှိသူများ၊ စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေးကော်မတီမှ တာဝန်ရှိသူများမှ တိုင်းဒေသကြီး/ပြည်နယ်များသို့ ခွဲဝေသည့် PO များ အမြန်ထုတ်ယူနိုင်ရေး၊ ဆက်လက်ခွင့်ပြုလျက်ရှိသော အရောင်းဆိုင်များအတွက် စက်သုံးဆီဝယ်ယူခွင့်ပြုလျက်ရှိသည့် စက်သုံးဆီများကိုလဲ စဉ်ဆက်မပြတ်ထုတ်ယူရန်ဆောင်ရွက်ခြင်း၊ Terminalများမှ သက်ဆိုင်ရာအရောင်းဆိုင်များသို့ ပို့ဆောင်ဖြန့်ဖြူးမည့်ဆီတင်ယာဉ်များ အချိန်မီပို့ဆောင်ဖြန့်ဖြူးနိုင်ရေး နေ့ညမပြတ် ကြီးကြပ်ကွပ်ကဲစီမံဆောင်ရွက်လျက်ရှိသည့်အပြင် ပြည်တွင်းသို့ စက်သုံးဆီဖူလုံစွာ သုံးစွဲနိုင်ရေးစီမံဆောင်ရွက်နေစဉ်ကာလအတွင်း ပြည်ပမှဆီတင်သင်္ဘောများ စဉ်ဆက်မပြတ်ဝင်ရောက်နိုင်ရေးအတွက်ကိုလည်း စီစဉ်ဆောင်ရွက်လျက်ရှိပါသဖြင့် ယခင်ရက်များထက် တန်းစီဝယ်ယူမှုများ စတင်လျော့ကျလာပြီဖြစ်ကြောင်း သိရှိရပါသည်။

သို့ဖြစ်ပါ၍ အများပြည်သူများအနေဖြင့် မလိုအပ်ဘဲစိုးရိမ်စိတ်ဖြင့် စက်သုံးဆီဝယ်ယူသိုလှောင်ခြင်း၊ တန်းစီထုတ်ယူ၍ ဈေးနှုန်းမြှင့်တင်တစ်ဆင့်ပြန်လည်ရောင်းချခြင်းမပြုလုပ်ရန်၊ တင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေးကော်မတီအနေဖြင့်လည်း တန်းစီဝယ်ယူမှုများ ပပျောက်ရေးအတွက် အနီးကပ်ကြီးကြပ်ဆောင်ရွက်လျက်ရှိပါသဖြင့် တိုင်းဒေသကြီး/ပြည်နယ်များသို့ ပို့ဆောင်ဖြန့်ဖြူးမည့် စက်သုံးဆီများအား ယခင်ကထက်ပိုမိုပို့ဆောင်ဖြန့်ဖြူးနိုင်ရေး စီမံဆောင်ရွက်လျက်ရှိကြောင်း
သတင်းရရှိပါသည် ဟူ၍ဖြစ်သည်။