“အမေရိကန်နည်းပြသစ် ဖြစ်လာဖို့နီးစပ်နေတဲ့ ပိုချက်တီနို”

(အားကစား) ဩဂုတ် ၁၇

ချယ်လ်ဆီးအသင်းနဲ့ လမ်းခွဲခဲ့ပြီးနောက် အသင်းလက်မဲ့ဖြစ်နေတဲ့ နည်းပြ ပိုချက်တီနို ဟာ အမေရိကန် လက်ရွေးစင် အမျိုးသားဘောလုံးအသင်းကို ကိုင်တွယ်ဖို့အတွက် နီးစပ်နေပြီဖြစ်တယ်လို့ ဩဂုတ်လ ၁၅ ရက်မှာ ဖော်ပြခဲ့တဲ့ သတင်းတွေအရ သိရပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၄ ကိုပါအမေရိကဖလားပြိုင်ပွဲမှာ အိမ်ရှင်အဖြစ်ကျင်းပခွင့်ရခဲ့ပေမယ့် အုပ်စုအဆင့်မှာတင် ထွက်ခွာခဲ့ရပြီးနောက် နည်းပြ ဘာဟယ်တာ ကို ရာထူးကနေထုတ်ပယ်ခဲ့တဲ့ အမေရိကန်အသင်းဟာ နည်းပြသစ် တစ်ယောက်ကို ရှာဖွေနေခဲ့ပါတယ်။

 အမေရိကန်အသင်းဟာ ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲကို မက္ကဆီကို၊ ကနေဒါနိုင်ငံ တို့နဲ့အတူ ပူးတွဲအိမ်ရှင်အဖြစ် ကျင်းပသွားမှာဖြစ်တာကြောင့် ရလဒ်ကောင်းရဖို့အတွက် နည်းပြ ပိုချက်တီနို ကို ခေါ်ယူဖို့ ဆွေးနွေးနေခဲ့တာ ဖြစ်ပါတယ်။

အသက် ၅၂ နှစ်အရွယ် နည်းပြ ပိုချက်တီနို ဟာ စပါး၊ ပီအက်စ်ဂျီနဲ့ ချယ်လ်ဆီးအသင်းတွေမှာ နည်းပြအဖြစ် လုပ်ကိုင်ခဲ့တာကြောင့် လာမယ့်ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ရလဒ်ကောင်းရအောင် လုပ်ဆောင်ပေးနိုင်လိမ့်မယ်လို့ အမေရိကန်အသင်းက ယုံကြည်နေပါတယ်။

နည်းပြ ပိုချက်တီနို အနေနဲ့ အမေရိကန်နည်းပြသစ် ဖြစ်လာမယ်ဆိုရင် လာမယ့်စက်တင်ဘာ ၇ ရက်မှာကစားမယ့် ကနေဒါအသင်းနဲ့ပွဲစဉ်ကစပြီး တာဝန်ယူကိုင်တွယ်သွားမှာ ဖြစ်တယ် လို့လည်း သတင်းတွေက ဖော်ပြခဲ့ကြပါတယ်။