မြေပြိုမှုကြောင့် ပျက်ဆီးသည့် တာဝါတိုင်ပြုပြင်မှု ၁၀ ရက်ခန့်ကြာမြင့်မည်

(ပြည်တွင်း) သြဂုတ် ၁၇

ရှမ်းပြည်နယ် (အရှေ့ပိုင်း) ၊ မိုင်းဆတ်မြို့အပါအ၀င်ပြည်နယ်တွင်းမှမြို့နယ်များတွင် ယခုရက်ပိုင်းအတွင်း မိုးသည်းထန်စွာဆက်တိုက်ရွာသွန်းခဲ့မှုကြောင့် တောင်နံရံမြေပြိုမှုများ ဖြစ်ပေါ်ခဲ့ကြောင်းသိရသည်။

အဆိုပါမြေပြိုမှုများကြောင့် သြဂုတ် ၁၆ရက်နေ့ နေ့ခင်းပိုင်းအချိန်ခန့်တွင် မိုင်းခုတ်နှင့် မိုင်းဆတ်ကြား ရှုခင်းသာ-(၃ )အနီးရှိ တာဝါတိုင်အမှတ်-(၂၈) သည် မိုးသည်းထန်စွာရွာသွန်းပြီး မြေသားနံရံပြိုကျမှုကြောင့် အသုံးပြုရန်မဖြစ်နိုင်သည့်အခြေအနေထိပျက်စီးသွားခဲ့ကြောင်း သိရသည်။

အဆိုပါလျှပ်စစ်တာဝါတိုင်အား သက်ဆိုင်ရာက ပြန်လည်ပြင်ဆင်မှုများ ပြုလုပ်ရန် ပစ္စည်းများစုပုံလျက်ရှိပြီး အမြန်ဆုံးပြင်ဆင်ရန်ဆောင်ရွက်နေကြောင်း မိုင်းဆတ်မြို့နယ် လျှပ်စစ်ဌာန ESE Mong Hsat တာ၀န်ရှိသူ ထံကသိရသည်။

ယင်းတာဝါတိုင်ပြုပြင်မှု ကြာမြင့်နိုင်သည့်ကာလမှာ သြဂုတ် ၂၇ ရက်နေ့ထိကြာနိုင်ပြီး အမြန်ဆုံးပြီးမြောက်နိုင်ရေး ကြိုးစားဆောင်ရွက်နေကြောင်းယင်းဌာနထံမှ သိရသည်။