ပြည်ပအလုပ်အကိုင် အလုပ်သမားသက်သေခံကတ် (OWIC)ရရှိမှသာ ပြည်ပသို့ သွားရောက်လုပ်ကိုင်ကြရန် အသိပေးကြေညာ


(ပြည်တွင်း) ဩဂုတ် ၁၅

ပြည်ပသို့ သွားရောက်အလုပ်လုပ်ကိုင်မည့်သူတိုင်း အလုပ်သမားဝန်ကြီးဌာနတွင် ပြည်ပအလုပ်သမားအဖြစ် မှတ်ပုံတင်၍ ပြည်ပအလုပ်အကိုင် အလုပ်သမားသက်သေခံကတ် (OWIC) ရရှိမှသာ ပြည်ပသို့ သွားရောက်လုပ်ကိုင်ကြရန် အသိပေးကြေညာချက်

၁။ ၁၉၉၉ ခုနှစ်၊ ပြည်ပအလုပ်အကိုင်ဆိုင်ရာ ဥပဒေပုဒ်မ ၈ ပုဒ်မခွဲ(ဆ)ရှိ ကြီးကြပ်ရေးအဖွဲ့၏ လုပ်ငန်းတာဝန်များတွင် “အလုပ်သမားများက ဤဥပဒေအရ မှတ်ပုံတင်ခြင်းမရှိဘဲ ပြည်ပအလုပ်အကိုင် သွားရောက်လုပ်ကိုင်ခြင်းမပြုစေရန် သက်ဆိုင်ရာအစိုးရဌာန၊ အဖွဲ့အစည်းများနှင့် ဆက်သွယ်ညှိနှိုင်းဆောင်ရွက်ခြင်း” ဟူ၍လည်းကောင်း၊ ပုဒ်မခွဲ(ဈ)တွင် “အလုပ်သမားများအား ပြည်ပသို့မထွက်ခွာမီ စုံစမ်းစစ်ဆေး၍ အဖွဲ့ငယ်၏စစ်ဆေးတွေ့ရှိချက်အရ ပြည်ပသို့ထွက်ခွာရန် မသင့်ကြောင်းတွေ့ရှိပါက ပိတ်ပင်ခြင်း”ဟူ၍လည်းကောင်း ပြဋ္ဌာန်းထားပါသည်။

၂။ ပုဒ်မ ၉ ပုဒ်မခွဲ(က)တွင် “ပြည်ပအလုပ်အကိုင်ရှာဖွေသူသည် ဦးစီးဌာနက မှတ်ပုံတင်ရမည်ဟု သတ်မှတ်ထားသော ပြည်ပအလုပ်အကိုင်အမျိုးအစားတစ်ခုခုကို ရှာဖွေခြင်းဖြစ်ပါက ပြည်ပအလုပ်အကိုင်ရှာဖွေသူအဖြစ် ဦးစီးဌာနတွင် မှတ်ပုံတင်ရမည်” ဟု ပြဋ္ဌာန်းထားပါသည်။

၃။ ပုဒ်မ ၁၀ ပုဒ်မခွဲ(ခ)တွင် ဦးစီးဌာနသည် “အလုပ်သမားအား ပြည်ပသို့မထွက်ခွာမီ မှတ်ပုံတင်ပေးပြီးကြောင်း အထောက်အထားသက်သေခံလက်မှတ်ထုတ်ပေးရမည်” ဟု ပြဋ္ဌာန်းထားပါသည်။

၄။ ပြည်ပနိုင်ငံများသို့ အကြောင်းအမျိုးမျိုးဖြင့် သွားရောက်နိုင်ရန်အတွက် လျှောက်ထားရမည့် နိုင်ငံကူးလက်မှတ်အမျိုးအစားများမှာ အောက်ပါအတိုင်းဖြစ်ပါသည်-
(က) အလည် (Passport for Visit – PV)
(ခ) အလုပ် (Passport for Job – PJ)
(ဂ) ပညာသင် (Passport for Education – PE)
(ဃ) စီးပွားရေး (Passport for Business – PB)
(င) ဘာသာရေး (Passport for Religious – PR)
(စ) မှီခို (Passport for Dependent – PT)
(ဆ) သင်္ဘောသား(Passport for Seaman – PS)

၅။ ပြည်ပသို့အလုပ်လုပ်ကိုင်ရန်အတွက် သွားရောက်မည့်သူများသည် နိုင်ငံကူးလက်မှတ်အမျိုးအစားကို အလုပ်အကိုင်အတွက်ထုတ်ပေးသည့် (Passport for Job – PJ) အမျိုးအစားလျှောက်ထားရန်လိုအပ်မည်ဖြစ်ပြီး အလုပ်သမားဝန်ကြီးဌာနတွင် မဖြစ်မနေမှတ်ပုံတင်၍ ပြည်ပသို့သွားရောက်လုပ်ကိုင်ရန် လိုအပ်ပါသည်။

၆။ ယခုအခါ ပြည်ပနိုင်ငံများသို့ အလည်ဗီဇာဖြင့် သွားရောက်လည်ပတ်နိုင်ရန်ထုတ်ပေးသည့် (Passport for Visit – PV) အမျိုးအစားကိုင်ဆောင်သူများသည် အလည်အတွက်မဟုတ်ဘဲ အလုပ်အကိုင်ဗီဇာများ လျှောက်ထားရယူ၍ ပြည်ပသို့သွားရောက်လုပ်ကိုင်လျက်ရှိကြပြီး ပြည်ပတွင် အခက်အခဲပြဿနာတစ်စုံတစ်ရာပေါ်ပေါက်ပါက ကူညီဖြေရှင်းဆောင်ရွက်ပေးရန် အခက်အခဲများ ကြုံတွေ့ရလျက်ရှိပါသည်။

၇။ သို့ပါ၍ နိုင်ငံကူးလက်မှတ် (Passport for Visit – PV) အမျိုးအစားကိုင်ဆောင်၍ အလုပ်အကိုင်ဗီဇာများ လျှောက်ထားရယူပြီး ပြည်ပသို့ထွက်ခွာရာတွင် အပြည်ပြည်ဆိုင်ရာလေဆိပ်၊ နယ်စပ်ဂိတ်များမှ စိစစ်တားမြစ်ခြင်းများခံရပါက မလိုလားအပ်သည့် ဆုံးရှုံးမှုများမဖြစ်ပေါ်စေရေးအတွက် ပြည်ပသို့ သွားရောက်အလုပ်လုပ်ကိုင်ရန် ရည်ရွယ်ထားရှိပါက နိုင်ငံကူးလက်မှတ် စတင်လျှောက်ထားရာတွင် (Passport for Job- PJ) အမျိုးအစားကို လျှောက်ထားရယူရန် အလုပ်သမားဝန်ကြီးဌာနတွင် လုပ်ထုံးလုပ်နည်းများနှင့်အညီ ပြည်ပအလုပ်သမားအဖြစ် မှတ်ပုံတင်ပြီး ပြည်ပအလုပ်အကိုင် အလုပ်သမားသက်သေခံကတ် (OWIC) လျှောက်ထားရယူကာ တရားဝင်သွားရောက်လုပ်ကိုင်ကြရန် တိုက်တွန်းနှိုးဆော်အပ်ပါသည်။

အလုပ်သမားဝန်ကြီးဌာန

Telegram»…
https://t.me/positiveanglenews

PAN

ZN SZ