“ဓာတ်အားထုတ်လုပ်မှု မဂ္ဂါဝပ် ၅ ထောင်နီးပါး လျော့နည်း”

(စီးပွားရေး) ဩဂုတ် ၁၅

ဓာတ်အားစနစ်မှာ ထုတ်လုပ်မှု မဂ္ဂါဝပ်နာရီ ၅,၀၀၀ နီးပါး လျော့နည်းလာတဲ့အတွက် ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ မြို့နယ်အချို့မှာ သုံးစွဲဝန်အားထက် လျှော့ချပြီး ဓာတ်အားဖြန့်ဖြူးပေးသွားမယ်လို့ ရန်ကုန်လျှပ်စစ်ဓာတ် အားပေးရေးကော်ပိုရေးရှင်းက ဩဂုတ်လ ၁၃ ရက်မှာ ထုတ်ပြန်ပါတယ်။

နိုင်ငံတော်ဓာတ်အားစနစ်အတွင်း လျှပ်စစ်ဓာတ်အား ထုတ်လုပ်ပို့လွှတ်နေတဲ့ V- Power သဘာ၀ဓာတ်ငွေ့သုံး စက်ရုံ(မြင်းခြံ)နဲ့ Sembcorp သဘာ၀ဓာတ်အားသုံးစက်ရုံ(မြင်းခြံ)တို့ဟာ ဩဂုတ် ၁၂ ရက်ကစပြီး စက်တွေ အရေးပေါ် ရပ်တန့်ခဲ့ရတဲ့အတွက် အဆိုပါဓာတ်အားပေးစက်တွေကနေ ဓာတ်အားစနစ်ကို ထုတ်လုပ်ပို့လွှတ်မှုက ၄,၉၂၀ မဂ္ဂါဝပ် နာရီခန့် လျော့နည်းနေတယ်လို့ ဆိုပါတယ်။

Sembcorp သဘာ၀ဓာတ်အားသုံးစက်ရုံ (မြင်းခြံ) ကတော့ ၂၀၁၈ ခုနှစ်ကစပြီး မြင်းခြံ သဘာဝဓာတ်ငွေ့သုံး ဓာတ်အားပေးစက်ရုံကို စတင်လည်ပတ်ခဲ့တာ ဖြစ်ပြီး တစ်ရက်ကို လျှပ်စစ်ဓာတ်အား ၂၂၅ မဂ္ဂါဝပ် ထုတ်လုပ် ပေးနေတဲ့ စက်ရုံဖြစ်တယ်လို့ သိရပါတယ်။

အခုလို အချိန်ကာလအတွင်း ဓာတ်အားစနစ် တည်ငြိမ်မှု ရှိစေဖို့အတွက် ရေအားလျှပ်စစ်စက်ရုံတွေကနေ ဓာတ်အားဖြည့်တင်းတာ၊ အရေးပေါ် ဝန်အားထိန်းညှိတာတွေ ဆောင်ရွက်ရတာကြောင့် ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ မြို့နယ်အချို့မှာ သုံးစွဲဝန်အားထက် လျှော့ချပြီး ဓာတ်အားဖြန့်ဖြူး ပေးသွားမယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ ဒါ့အပြင် စက်မှုဇုန်တွေကို ညပိုင်းမှာ လျှော့ချပြီး ဓာတ်အားဖြန့်ဖြူးပေးတာတွေ ဆောင်ရွက် နေသလို ယာယီဓာတ်အားပြတ်တောက်မှုတွေ ရှိနိုင်မှာဖြစ်တယ်လို့လည်း ထုတ်ပြန်ချက်အရ သိရပါတယ်။

#PAN