ရှမ်းမြောက်တွင် EAO အဖွဲ့များ၏ မြို့ရွာများအပေါ် တိုက်ခိုက်မှုကို ဆန့်ကျင်သည်ဟု တရုတ်ပြော

(ပြည်တွင်း) သြဂုတ် ၁၄

ရှမ်းပြည်နယ်မြောက်ပိုင်းတွင် EAO အဖွဲ့များ၏မြို့ရွာ များအပေါ် တိုက်ခိုက်မှုဖြစ်စဉ်များနှင့် ပတ်သက်၍လည်း တရုတ်နိုင်ငံအနေဖြင့် ဆန့်ကျင်ကြောင်း တရုတ်ကွန်မြူနစ်ပါတီဗဟိုကော်မတီ၊နိုင်ငံရေးဗျူရိုအဖွဲ့ဝင်၊ နိုင်ငံခြားရေးဝန်ကြီး H. E. Mr. Wang Yi က နစကဥက္ကဋ္ဌအားလာရောက်တွေ့ဆုံစဥ် ပြောဆိုလိုက်ကြောင်း သိရသည်။

တရုတ်နိုင်ငံနှင့် မြန်မာနိုင်ငံတို့သည် အိမ်နီးချင်းကောင်း၊ မိတ်ဆွေဟောင်း၊ မိတ်ဆွေကောင်းနိုင်ငံများဖြစ်ပြီး ယခင်ကတည်းက ငြိမ်းချမ်းစွာအတူယှဉ်တွဲနေထိုင်ရေးမူကြီး(၅)ရပ်နှင့်အညီ အေးအတူပူအမျှအသိုက်အဝန်းကို အတူတကွတည် ဆောက်ထားသည့် နိုင်ငံများဖြစ်ကြောင်း၊ ယခုကဲ့သို့ မိမိတို့၏ တွေ့ဆုံဆွေးနွေးမှုသည်နှစ်နိုင်ငံအကြား ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုများကို ပိုမိုတိုးတက်အောင် ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း ဝမ်ရိ က ပြောသည်။

Mr. Wang Yi က မြန်မာနိုင်ငံသည် တရုတ်နိုင်ငံ၏ အိမ်နီးချင်းကောင်း၊ မိတ်ဆွေဟောင်း၊ မိတ်ဆွေကောင်း နိုင်ငံတစ်နိုင်ငံဖြစ်ကြောင်း၊ တရုတ်နိုင်ငံအနေဖြင့် မြန်မာနိုင်ငံ၏ လွတ်လပ်ရေးနှင့်အချုပ်အခြာအာဏာတည်တံ့ခိုင်မြဲမှုကို အခိုင်အမာထောက်ခံပါကြောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် နိုင်ငံတည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ရှေ့လုပ်ငန်းစဉ်(၅)ရပ်ကို ချမှတ်ဆောင်ရွက်နေမှုနှင့် လွတ်လပ်ပြီးတရားမျှတသည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကျင်းပရန် ကြိုတင်ပြင်ဆင်ဆောင်ရွက်နေမှုများကိုလည်း ထောက်ခံသည်ဟုလည်း ပြောဆိုခဲ့ကြောင်း သိရသည်။

မြန်မာနိုင်ငံ၏ တည်ငြိမ်အေးချမ်းရေးအတွက် တရုတ်နိုင်ငံအနေဖြင့် အားထားပူးပေါင်းဆောင်ရွက်လျက်ရှိပါကြောင်း၊ ရှမ်းပြည်နယ်မြောက်ပိုင်းတွင် EAO အဖွဲ့များ၏မြို့ရွာများအပေါ် တိုက်ခိုက်မှုဖြစ်စဉ်များနှင့် ပတ်သက်၍လည်း တရုတ်နိုင်ငံအနေဖြင့်ဆန့်ကျင်ပါကြောင်းဖြင့်ပြောကြားခဲ့ကြောင်း သိရသည်။

ယနေ့ သြဂုတ်လ ၁၄ ရက်နေ့ မွန်းလွဲပိုင်းမှာ မြန်မာနိုင်ငံကိုရောက်ရှိလာသည့် တရုတ်ကွန်မြူနစ်ပါတီဗဟိုကော်မတီ၊နိုင်ငံရေးဗျူရိုအဖွဲ့ဝင်၊ နိုင်ငံခြားရေးဝန်ကြီး H. E. Mr. Wang Yi နှင့် နစက ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်တို့ နေပြည်တော်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌရုံး၊ သံတမန်ဆောင်ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံခဲ့ကြသည်။

အဆိုပါတွေ့ဆုံမှုတွင် နှစ်နိုင်ငံအကြား ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာကိစ္စရပ်များ၊ ကာကွယ်ရေးဆိုင်ရာပူးပေါင်းဆောင်ရွက်မှုကိစ္စရပ်များ မြန်မာနိုင်ငံ၏ ပြည်တွင်းငြိမ်းချမ်းရေးဆိုင်ရာ ကိစ္စရပ်များနှင့် နယ်စပ်ဒေသ တည်ငြိမ်အေးချမ်းရေးဆိုင်ရာကိစ္စရပ်များ၊ အွန်လိုင်းလောင်း ကစားမှုများ၊ အွန်လိုင်း လိမ်လည်မှုများ၊ အခြားငွေကြေးလိမ်လည်မှုနှင့် တရားမဝင်လုပ်ငန်းများ ပပျောက်စေရေးနှစ်နိုင်ငံဆက်လက်ပူးပေါင်းဆောင်ရွက်သွားမည့် ကိစ္စရပ်များ၊ လွတ်လပ်ပြီး တရားမျှတသည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကျင်းပ နိုင်ရေးကြိုတင်ပြင်ဆင်ဆောင်ရွက်လျက်ရှိမှု အခြေအနေများ ဆေးနွေးခဲ့ကြကြောင်း သိရသည်။

တရုတ်ကွန်မြူနစ်ပါတီဗဟိုကော်မတီ၊ နိုင်ငံရေးဗျူရိုအဖွဲ့ဝင်၊ နိုင်ငံခြားရေးဝန်ကြီး H. E. Mr. Wang Yi ဦးဆောင်သည့်အဖွဲ့တွင် မြန်မာနိုင်ငံဆိုင်ရာတရုတ်ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီးအဖြစ် ခန့်အပ်ရန်သဘောတူညီပြီးဖြစ်သူ H.E. Ms. Ma Jia ၊ နိုင်ငံခြားရေးဝန်ကြီးဌာနဒုတိယဝန်ကြီး Mr. Sun Weidong ၊ အာရှရေးရာအထူး ကိုယ်စားလှယ် Mr.Deng Xijun နှင့် အဖွဲ့ဝင်များပါဝင်ပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့်အတူ ကောင်စီတွဲဖက်အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံး ဝန်ကြီးဌာန(၂) ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင်၊ ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်ဇော်မင်းထွန်းတို့ ပါဝင်တက်ရောက်ခဲ့သည်ဟု နစကမှ သတင်းထုတ်ပြန်ထားသည်။

#PAN