“ဆီစက်လုပ်ငန်းရှင် ၃၁ ဦးကို စုစုပေါင်း ငွေကျပ် ၃,၅၁၃ သန်း ထုတ်ချေး”

(စီးပွားရေး) ဩဂုတ် ၁၄

ဆီစက်လုပ်ငန်းများဖွံ့ဖြိုးရေးချေးငွေ စီမံခန့်ခွဲမှုလုပ်ငန်းအဖွဲ့အနေနှင့် ပြည်တွင်းရှိ ဆီစက်လုပ်ငန်းရှင်များမှ ချေးငွေလျှောက်ထားမှုများကို ၂၀၂၂ ခုနှစ်မှ စတင်လက်ခံဆောင်ရွက်ခဲ့ရာ ယခုနှစ်၊ ဇူလိုင်လကုန်အထိ စည်းကမ်း သတ်မှတ်ချက်များနှင့် ကိုက်ညီမှုရှိသော ဆီစက်လုပ်ငန်းရှင် ၃၁ ဦးကို ငွေကျပ် ၃,၅၁၃ သန်း ထုတ်ချေးပေးပြီဖြစ် ကြောင်းသိရပါတယ်။

ယခုလက်ရှိမှာ နိုင်ငံတော်က ဆီစက်လုပ်ငန်းများ ဖွံ့ဖြိုးရေးရန်ပုံငွေအဖြစ် ငွေကျပ် ဘီလီယံ ၅၀ ချထားပေးပြီး ပြည်တွင်းရှိ ဆီစက်များတွင် အဆင့်မြင့်စက်ပစ္စည်းများ တိုးချဲ့တပ်ဆင်ခြင်း၊ စက်ပစ္စည်းများ အဆင့်မြှင့်တင်ခြင်း၊ ခေတ်မီဆီစက်အသစ်များ ထပ်မံတည်ဆောက်ခြင်းများအပြင် လုပ်ငန်းသုံးရင်းနှီး လည်ပတ်ငွေလိုအပ်ချက်များ အတွက် အတိုးနှုန်းသက်သာသည့် ချေးငွေများ ထုတ်ချေးပေးလျက်ရှိပါတယ်။

ဆီစက်လုပ်ငန်းရှင်များအနေနှင့် သက်ဆိုင်ရာသို့ ချေးငွေလျှောက်ထားရာတွင် နေရာနှစ်နေရာ၌ အသုံးပြုရန် အတွက် လျှောက်ထားနိုင်ပြီး လုပ်ငန်းသုံးရင်းနှီးလည်ပတ်ငွေအတွက် ချေးငွေလျှောက်ထားပါက အနည်းဆုံး ငွေကျပ် သိန်း ၁၀၀ မှ အများဆုံး ငွေကျပ် သိန်း ၃,၀ဝ၀ အထိ ထုတ်ချေးပေးကာ ချေးငွေသက်တမ်းမှာ တစ်နှစ်ဖြစ်ပါတယ်။ ဒါ့အပြင် လုပ်ငန်းသုံးစက်ပစ္စည်းများဝယ်ယူရန်ဖြစ်စေ၊ လုပ်ငန်းသုံးအဆောက်အအုံများ ဆောက်လုပ်ရန် ဖြစ်စေ စသဖြင့် မတည်ရင်းနှီးငွေအတွက် ချေးငွေလျှောက်ထားပါက အနည်းဆုံး ငွေကျပ် သိန်း ၂၀၀ မှ အများဆုံး ငွေကျပ် သိန်း ၃,၀၀၀ အထိ ထုတ်ချေးပေးပြီး ချေးငွေသက်တမ်းမှာ သုံးနှစ်ဖြစ်ကြောင်းသိရပါတယ်။

#PAN