“အမေရိကန်၏စနက်ကြောင့် ရာထူးမှနုတ်ထွက်ရခြင်းဖြစ်သည်ဟု ရှိတ်ဟာဆီနာ ပြော”

(နိုင်ငံတကာ) ဩဂုတ် ၁၃

မကြာသေးမီက ရာထူးမှနုတ်ထွက်ပြီး ပြည်ပသို့ ထွက်ခွာသွားသည့် ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ်ဟောင်း ရှိတ် ဟာဆီနာ က ၎င်းအနေဖြင့် အမေရိကန်၏စနက်ကြောင့် ရာထူးမှနုတ်ထွက်ရခြင်းဖြစ်သည်ဟု ပြောသည်။

 အမေရိကန်တောင်းဆိုသော မဟာဗျူဟာမြောက်ကျွန်းဖြစ်သည့် စိန့်မာတင်ကျွန်းကို မပေးခြင်းကြောင့် ယခုကဲ့သို့ ဖြစ်စဉ်များ ဖြစ်ပွားအောင် ကြံစည်လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်ဟု ရှိတ်ဟာဆီနာ က စာစောင်တစ်ခုတွင် ရေးသား ထားသည်။

 The Economic Times သတင်းစာ၏ဖော်ပြချက်အရ ရှိတ်ဟာဆီနာ က အကယ်၍ သူမအနေဖြင့် အမေရိကန်တောင်းဆိုခဲ့သည့်အတိုင်း စိန့်မာတင်ကျွန်းကို ငှားရမ်းပေးလိုက်မည်ဆိုပါက သူမ၏ ဝန်ကြီးချုပ်ရာထူး သည်လည်း ဆက်လက်တည်ရှိနေမှာဖြစ်ကြောင်း ရေးသားထားသည်ဟု ဖော်ပြခဲ့သည်။

အမေရိကန်သည် ပြီးခဲ့သည့်နွေရာသီတွင် စိန့်မာတင်ကျွန်းငှားရမ်းရန် အဆိုပြုလာသော်လည်း ဘင်္ဂလား ဒေ့ရှ် အစိုးရ က မငှားပေးခဲ့ကြောင်းနှင့် ၎င်းအနေဖြင့် ရာထူးမှနုတ်ထွက်သည့် လမ်းကြောင်းကိုသာ ရွေးချယ်ခဲ့ခြင်း ဖြစ်ကြောင်း၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံအနေဖြင့် တစ်ယူသန်သမားများ၏ကြိုးကိုင်ခြယ်လှယ်မှုကို မခံစေလိုကြောင်း ရှိတ်ဟာဆီနာ က ဆက်ပြောသည်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံ၌ အလုပ်အကိုင်နေရာခွဲတမ်းချမှုအပေါ် မကျေနပ်သူများ က ဦးဆောင်ဆန္ဒပြရာမှ ဆူပူအုံကြွမှုများအထိ ဖြစ်လာပြီး အစိုးရကို ကန့်ကွက်သူများနှင့် ရဲတပ်ဖွဲ့တို့ကြား ခိုက်ရန် ဖြစ်ပွားမှုကြောင့် လူ ၄၄၀ ကျော်သေဆုံးခဲ့ကြောင်း Sputnik သတင်းဌာနဖော်ပြချက်အရ သိရသည်။

#PAN