“ယူအက်စ်အိုးပင်း ဝင်ပြိုင်မှာမဟုတ်ဘူးဆိုတဲ့ နာဒယ်”

(အားကစား) ဩဂုတ် ၁၃

စပိန်တင်းနစ်သမား နာဒယ် ဟာ ကြံ့ခိုင်မှုပြဿနာကြောင့် အခုရာသီရဲ့ နောက်ဆုံးဂရင်းစလမ်ပြိုင်ပွဲဖြစ်တဲ့ ယူအက်စ်အိုးပင်းပြိုင်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်တော့မှာ မဟုတ်ဘူးလို့ အတည်ပြုလိုက်ပါတယ်။

ယူအက်စ်အိုးပင်းပြိုင်ပွဲကို ဩဂုတ်လ ၂၆ ရက်ကနေ စက်တင်ဘာလ ၈ ရက်အထိ ကျင်းပမှာ ဖြစ်ပြီး  နာဒယ် က ဝင်ရောက်ယှဉ်ပြိုင်မှာ မဟုတ်ပေမယ့် စက်တင်ဘာလရဲ့ လကုန်ပိုင်းမှာ ကျင်းပမယ့် လေဗာဖလားပြိုင်ပွဲကိုတော့ ဝင်ရောက်ယှဉ်ပြိုင်မှာ ဖြစ်တယ်လို့ နာဒယ်က အတည်ပြုသွားခဲ့ပါတယ်။

  နာဒယ် ဟာ ယူအက်စ်အိုးပင်းချန်ပီယံဆုကို (၄) ကြိမ်အထိ ရရှိထားပြီး အခုချိန်မှာတော့ ယူအက်စ်အိုးပင်း ပြိုင်ပွဲ နောက်ဆုံး ၂ ကြိမ်ဆက်တိုက် လွဲချော်မှုလည်း ဖြစ်လာတော့မှာပါ။ အသက် ၃၈ နှစ်အရွယ် နာဒယ်ဟာ အခုနောက်ပိုင်း ဒဏ်ရာပြဿနာတွေနဲ့ ကြံ့ခိုင်မှုအားနည်းတာကြောင့် အောင်မြင်မှုတွေနဲ့ ဝေးကွာနေခဲ့ပြီး လက်ရှိမှာ ကမ္ဘာ့အဆင့် (၁၅၉) အထိ ကျဆင်းနေခဲ့တာလည်း ဖြစ်ပါတယ်။

ပဲရစ်အိုလံပစ်ရဲ့ တစ်ဦးချင်းပြိုင်ပွဲမှာလည်း နာဒယ်ဟာ ဒုတိယအဆင့်ပွဲမှာ ဂျိုကိုဗစ်ကို ရှုံးနိမ့်ခဲ့ပြီး ပြိုင်ပွဲကနေ ထွက်ခွာခဲ့ရတာ ဖြစ်ပါတယ်။ နာဒယ် ဟာ အခုနှစ်တင်းနစ်ရာသီရဲ့ ဂရင်းစလမ်ပြိုင်ပွဲ ၄ ခုအနက် ပြင်သစ်အိုးပင်း ပြိုင်ပွဲတစ်ခုကိုသာ ဝင်ရောက်ယှဉ်ပြိုင်နိုင်ခဲ့တာလည်း ဖြစ်ပါတယ်။

#PAN