“ညောင်ဦးမြို့ရှိ လောကနန္ဒာစွယ်တော်မြတ်စေတီတော်ကြီး၏ (၉၅၂) ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော်ကျင်းပ”

(ပြည်တွင်း) ဩဂုတ် ၁၃

ပုဂံမြို့လောကနန္ဒာစွယ်တော်မြတ်စေတီတော်ကြီး၏ (၉၅၂) ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော်ကို ဝါခေါင်လဆန်း ၈ ရက်(ဩဂုတ်လ ၁၂ ရက်)နံနက် ၉ နာရီအချိန်က လောကနန္ဒာစွယ်တော်မြတ်ဘုရားကြီးရင်ပြင်တော်ပေါ်မှာ ကျင်းပ ခဲ့ရာ ဆွမ်းသပိတ်လောင်းလှူပွဲကိုလည်း ထည့်သွင်းကျင်းပခဲ့ကြောင်း သိရပါတယ်။

မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့ရှိ စွယ်တော်လေးဆူမှာ တစ်ဆူအပါအဝင်ဖြစ်သော လောကနန္ဒာစွယ်တော် မြတ်ကြီးရဲ့ ဗုဒ္ဓပူဇနိယပွဲတော်ကို စေတီတော်ရင်ပြင်ရှိ အာရုံခံတန်ဆောင်းတော်ကြီးမှာ နမောတဿ သုံးကြိမ် ရွတ်ဆို ဘုရားကန်တော့၍ အခမ်းအနားဖွင့်လှစ်ကာ ညောင်ဦးမြို့နယ် ရုပ်စုံကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တဣန္ဒဝံသ အရှင်သူမြတ်ထံမှ ၈ ပါးသီလ ခံယူဆောက်တည်ကြပါတယ်။ အဲဒီနောက် ကြွရောက်လာကြတဲ့ ဆရာတော် အရှင်သူမြတ် များထံမှ မေတ္တာသုတ်ပရိတ်တရားတော်များ နာယူကြည်ညိုကြပါတယ်။

ဆက်လက်ပြီး ဩဝါဒါစရိယမဟာဝိသုတာရာမတိုက်သစ် ဆရာတော်မဟာသဒ္ဓမ္မ ဇောတိကဓဇဘဒ္ဒန္တပညာသီရိ အရှင်သူမြတ်ထံမှ အနုမောဒနာတရားနာယူကာ ရေစက်သွန်းချ အမျှအတန်းပေးဝေကြပြီး ပင့်သံဃာ ၁၇၀ တို့ကို လောကနန္ဒာဘုရားစွယ်တော်မြတ်စေတီ ရင်ပြင်တော်ပေါ်မှာ ဆွမ်းသပိတ်လုံးများ လောင်းလှူခဲ့ကြတယ်လို့ သိရပါတယ်။

လောကနန္ဒာစွယ်တော်မြတ်စေတီတော် ဗုဒ္ဓပူဇနိယပွဲတော်ကို အစဉ်အလာမပျက် ကျင်းပလျက်ရှိရာ မြန်မာပြည် အရပ်ရပ်မှ ကုသိုလ်ရှင်များ၊ ဘုရားဖူးလာရောက်သူများနဲ့ စည်ကားလျက်ရှိပါတယ်။

ဒါ့အပြင် ဧရာဝတီမြစ်လယ်ကျွန်း ကျေးရွာများမှ လောင်းလှေများနဲ့ လောကနန္ဒာစွယ်တော်မြတ်စေတီတော်ကြီးကို ဦးတိုက်ပူဇော်ခြင်း၊ ခေတ်အဆက်ဆက် လောင်းလှေပြိုင်ပွဲများဖြင့် အလှပြသခြင်းများနှင့် အခြားမြို့များမှ ဆယ်နှစ်ပွဲဈေးသည်များဖြင့် စည်ကားလျက်ရှိကြောင်း သိရပါတယ်။

#PAN