တောင်သာမြို့နယ်အတွင်း အကြမ်းဖက် PDF အဖွဲ့ များက အကြမ်းဖက်တိုက်ခိုက်မှုများ တပြိုင်တည်းလုပ်ဆောင်ပြီး စက်မှုဝန်ကြီး ဌာနပိုင် စွပ်ကျယ်စက်ရုံအား  မီးရှို့ဖျက်ဆီးခဲ့

(ပြည်တွင်း)ဩဂုတ် ၁၂

     မန္တလေးတိုင်းဒေသကြီး  ၊တောင်သာမြို့နယ်၊ ဘုရားလှကျေးရွာအတွင်းသို့ ယနေ့နံနက် ၇ နာရီ အချိန်ခန့်တွင် အကြမ်းဖက် PDF အင်အား ၁၀၀ ခန့် ဝင်ရောက် လာပြီး ဘုရားလှကျေးရွာအုပ်ချုပ်ရေးမှုး ဦးစိုးသူ၏နေအိမ်အပါ အဝင် အိမ် ၅လုံးအား မီးရှို့ဖျက်ဆီးခဲ့သည်ဟု သိရပါသည်။

      ဖြစ်စဥ်ဖြစ်ပွားရာ ဘုရားလှကျေးရွာသို့ မြင်းခြံမြို့မှ တပ်မတော်လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့်ပြည်သူ့စစ်အဖွဲ့ဝင်များပါဝင်သော စစ်ကူစစ်ကြောင်းက သွားရောက်ရှင်းလင်းတိုက်ခိုက်ခဲ့ရာ အကြမ်းဖက် PDF များမှာ ဘုရားလှကျေး ရွာ၏ တောင်ဘက်သို့ ဆုတ်ခွာထွက်ပြေးသွားကြောင်း သိရပါသည်။

      အလားတူ  တောင်သာမြို့၊ တန်း​မြင့်ကျောင်းရပ်ကွက်၊တောင်သာ – မြင်းခြံကားလမ်းဘေးရှိ စက်မှုဝန်ကြီးဌာနပိုင် စွပ်ကျယ်စက်ရုံသို့ ယနေ့နံနက် ၇ နာရီခွဲအချိန်ခန့်က အကြမ်းဖက် PDF အဖွဲ့များ ရောက်ရှိလာပြီး စက်ရုံသံတံခါးအား ရိုက်ချိုးဖျက်ဆီးကာ စက်ရုံအတွင်းရှိ အဆောက်အဦးနှင့်စက်ပစ္စည်းများအား မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရသည်။

     ဖြစ်စဥ်ဖြစ်ပွားရာသို့ တပ်မတော်လုံခြုံရေးတပ်ဖွဲ့ဝင်များ၊ပြည်သူ့စစ်အဖွဲ့ဝင်များ ရောက်ရှိတိုက်ခိုက်မှုကြောင့် နံနက် ၉ နာရီ အချိန်ခန့်တွင် အကြမ်းဖက် PDFများ ဆုတ်ခွာထွက်ပြေးသွားခဲ့ကြောင်း၊အဆိုပါ စွပ်ကျယ်စက်ရုံမှာ လည်ပတ်ခြင်းမရှိဘဲ ပိတ်ထားသည့် စက်ရုံဖြစ်ကြောင်း၊ လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့်ပြည်သူ့စစ်အဖွဲ့ဝင်များမှ မီးငြိမ်းသတ် ဆောင်ရွက်ကာ လုံခြုံရေးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

       ထို့ပြင် ယနေ့ နံနက် ၅ နာရီ ၁၅ မိနစ်အချိန်မှစတင် ၍ အကြမ်းဖက်သောင်း ကျန်းသူများက တောင်သာမြို့နယ်၊ တောင်သာ – မြင်းခြံကားလမ်း၊ မလှိုင်ဘက်အထွက်၊မင်းကံရွာအနီးရှိ ဓါတ်ငွေ့ပိုက်လိုင်း လုံခြုံရေးဆောင်ရွက်နေသော လုံခြုံရေးအဖွဲ့အား လာရောက်တိုက်ခိုက်သဖြင့် အပြန်အလှန် ပစ်ခတ်တိုက်ခိုက်မှု တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း၊ အပြန်အလှန် ပစ်ခတ်မှုဖြစ်ပွားပြီးနောက် နံနက် ၇ နာရီခွဲအချိန်ခန့်တွင် အကြမ်းဖက်သောင်း ကျန်းသူများ ကျောက်ချောကျေးရွာ အရှေ့ဘက်သို့ ဆုတ်ခွာထွက်ပြေးသွားကြောင်းနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များ ထိခိုက်မှု မရှိကြောင်း သိရပါသည်။

      လူသတ်အကြမ်းဖက် PDF များသည် တောင်သာမြို့နယ်အတွင်း အလစ်အငိုက်ယူကာ အချိန်ကိုက် အကြမ်းဖက်တိုက်ခိုက်မှုများလုပ်ဆောင်မှုအပေါ်  ရပ်ရွာတည်ငြိမ်မှုကို ပျက်စီးစေသည့် လုပ်ရပ်ဖြစ် သဖြင့် လိုလားမှုမရှိကြောင်း ဒေသခံပြည်သူများက ဆိုပါသည်။

#PAN