ခု(စ်)ဒေသသို့ ယူကရိန်းတို့၏ ထိုးစစ်ဆင်တိုက်ခိုက်မှုကို ရုရှားတွန်းလှန်တုံ့ပြန်လိုက်နိုင်ဟုဆို

(နိုင်ငံတကာ) သြဂုတ် ၁၂

      သံချပ်ကာ ယာဉ်များအသုံးပြု၍ ခု(စ်)ဒေသသို့ ထိုးဖောက်ရန် ကြိုးပမ်းသည့် ယူကရိန်းတို့၏ ထိုးစစ်ဆင် တိုက်ခိုက်မှုကို ရုရှားတပ်ဖွဲ့များက တွန်းလှန်တုံ့ပြန်လိုက်နိုင်ကြောင်း ရုရှားကာကွယ်ရေးဝန်ကြီး ဌာနက ဩဂုတ်လ ၁၁ ရက်တွင်ထုတ်ပြန်ထားသည်။ ကာကွယ်ရေးဝန်ကြီးဌာန၏ထုတ်ပြန်ချက်အရ ရှေ့တန်းရှိ ရုရှားတပ်ဖွဲ့များသည် ရုရှားနယ်မြေကို ကျူးကျော်လာသည့် ယူကရိန်းတပ်ဖွဲ့များကို လေတပ်၊ ဒရုန်းနှင့်အမြောက်ပစ်ကူများ အသုံးပြု၍ ချေမှုန်းနိုင်ခဲ့ကြောင်း ဖော်ပြထားသည်။

     ထိုသို့ တုံ့ပြန်တိုက်ခိုက်မှုအတွင်း အမေရိကန်နိုင်ငံထုတ် Stryker အမျိုး အစား ယာဉ်သုံးစီးအပါအဝင် သံချပ်ကာယာဉ်ခုနစ်စီးနှင့်မော်တော် ယာဉ်နှစ်စီးတို့ကို ဖျက်ဆီးလိုက်နိုင်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

     ထို့ပြင် ရုရှားတပ်ဖွဲ့သည် ခု(စ်)ဒေသအတွင်း အခြေ စိုက်နေသည့် ယူကရိန်းတပ်ဖွဲ့များ၏နေရာသို့ အမြောက်များ၊ ဒုံးကျည်များဖြင့် ပစ်ခတ်တိုက်ခိုက်မှုများလုပ်ဆောင်ရာ ယူကရိန်းကွပ်ကဲမှုဌာနချုပ်ကို ချေမှုန်း လိုက်နိုင်သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ အဆိုပါ တိုက်ခိုက်မှုအတွင်း ယူကရိန်းဘက်မှ စစ်သည် ၃၅ ဦး သေဆုံးကာ တင့်ကားငါးစီး၊ သံချပ်ကာတိုက်ယာဉ်လေးစီးနှင့်မော်တော်ကားသုံးစီးတို့ကို ဖျက်ဆီးလိုက်နိုင်ခဲ့ သည်။

     ယူကရိန်းတို့အနေဖြင့် ယခုကဲ့သို့ဝင်ရောက်တိုက် ခိုက်မှုသည် ကျူးကျော်မှုဖြစ်ကာ ယင်းတို့၏ပစ်မှတ်များ မှာ အရပ်သားများဖြစ်သည်ဟု ရုရှားတာဝန်ရှိသူများ က ပြောသည်။ ထို့ပြင် ယခုကျူးကျော်မှုအတွင်း ယူကရိန်းဘက်က စစ်သည် ၁,၁၀၀ နှင့် သံချပ်ကာယာဉ်အစီး ၁၄၀ တို့ကို ဆုံးရှုံးထားကြောင်း ရုရှားက ထုတ်ပြန်ထား သည်။

     ထိုတိုက်ခိုက်မှုများလုပ်ဆောင်ရခြင်းသည် ရုရှားတို့၏တည်ငြိမ်အေးချမ်းမှုပျက်ပြားစေရန်နှင့် ရုရှားနှင့်ငြိမ်းချမ်းရေး ဆွေးနွေးရာတွင် အားသာချက်တစ်ခုရရှိစေရေးဖြစ်သည်ဟု ယူကရိန်းတာဝန်ရှိသူများက ပြောသည်ဟု RT သတင်း ဌာနတွင် ဖော်ပြထားသည်။

#PAN