အစ္စရေးလေပိုင်နက်အတွင်း ခရီးသည်တင်လေယာဉ်များ ညပိုင်းပျံသန်းမှုကို ရုရှားပိတ်ပင်

(နိုင်ငံတကာ) သြဂုတ် ၁၁

      ရုရှားလေကြောင်းလိုင်းများမှ ခရီးသည်တင်လေ ယာဉ်များအနေဖြင့် အစ္စရေးလေပိုင်နက်အတွင်း ညပိုင်း ကာလ ပျံသန်းမှုများရှောင်ရှားကြရန် ရုရှားအစိုးရက ဩဂုတ်လ ၉ ရက်တွင် သတိ ပေးထားကြောင်းသိရသည်။

      ဩဂုတ်လ ၉ ရက်မှစ၍ ဩဂုတ်လ ၁၆ ရက်အထိ ည ၁၀ နာရီနှင့် ၁ နာရီကြားကာလအတွင်း အစ္စရေးလေပိုင်နက်ကို အသုံးမပြုရန် ရုရှားအစိုးရကြေညာ ချက်၌ ဖော်ပြထားသည်။

      ဟားမတ်စ်ခေါင်းဆောင် ဟာနီယာ လုပ်ကြံခံရမှုအတွက် အစ္စရေးကို တုံ့ပြန်ခဲ့ပါက ထိန်းထိန်းသိမ်းသိမ်း ဆောင်ရွက်ရန် ရုရှားသမ္မတ ဗလာဒီမာပူတင် က အီရန်အစိုးရကို တိုက်တွန်းခဲ့ပြီးနောက် ရုရှားအစိုးရက ရုရှား လေကြောင်းလိုင်းများ အစ္စရေးလေပိုင်နက်အတွင်း ညအချိန်ပျံသန်းမှုကို ပိတ်ပင်ထားခြင်းဖြစ် သည်။

       လက်ရှိအချိန်တွင် အီရန်နိုင်ငံ၊ တီဟီရန်မြို့၌ ဟားမတ်စ်ခေါင်းဆောင် လုပ်ကြံခံခဲ့ရပြီးနောက် အရှေ့အလယ်ပိုင်းဒေသ၌ စစ်ရေးတင်းမာမှုများ မြင့်တက်လျက်ရှိသည်။ ဟားမတ်စ်ခေါင်းဆောင် ဟာနီယာ လုပ်ကြံခံရမှုအတွက် အစ္စရေးတွင်တာဝန်ရှိကြောင်း အီရန်နှင့် မဟာမိတ်အုပ်စုများက ပြောကြားထားသော်လည်း အစ္စရေးနိုင်ငံက ဟာနီယာ လုပ်ကြံခံရမှုအတွက် တစ်စုံတစ်ရာ ထုတ်ဖော်ပြောကြားခဲ့ခြင်းမရှိကြောင်း သိရသည်။

#PAN