ဖျက်သိမ်းခံလိုက်ရသော MFP ပါတီက ပါတီအသစ်ဖွဲစည်း


(နိုင်ငံတကာ)ဩဂုတ် ၁၀

ထိုင်းနိုင်ငံရှိ ဖျက်သိမ်းခံလိုက်ရသော အတိုက်အခံပါတီဖြစ်သည့် Move Forward Party-MFP ပါတီသည် ပြည်သူ့ပါတီအမည်ဖြင့် ဩဂုတ်လ ၉ ရက်တွင် ပါတီအသစ်ဖွဲ့စည်းလိုက်ကြောင်း သိရသည်။

ပြည်သူ့ပါတီတွင် ယခင် MFP ပါတီမှ လွှတ်တော်အမတ် ၁၄၃ ဦးပါဝင်ပြီး အသက် ၃၇ နှစ်သာရှိသေးသည့် နည်းပညာဆိုင်ရာ စီးပွားရေးလုပ်ငန်းရှင်ဟောင်းနှင့် ပါတီဟောင်းမှ လွှတ်တော်အမတ်ဖြစ်သည့် နတ်သာဖုန်ရွန် ပန်ညာဝတ် ကို ပါတီဥက္ကဋ္ဌအဖြစ်ခန့်အပ်ကြောင်း အဆိုပါပါတီက ထုတ်ပြန်ကြေညာထားသည်။

ထို့နောက် ပြည်သူ့ပါတီအနေဖြင့် လာမည့်ရွေးကောက်ပွဲတွင် အနိုင်ရရှိကာ အစိုးရဖွဲနိုင်စေရေးအတွက် လိုအပ်သော လွှတ်တော်အမတ်နေရာကိုရရှိအောင် ကြိုးပမ်း ဆောင်ရွက်သွားမည်ဟု ပါတီဥက္ကဋ္ဌက သတင်းစာ ရှင်းလင်းပွဲတွင် ပြောသည်။

MFP ပါတီအနေဖြင့် တော်ဝင်မိသားစုကို အသရေဖျက်မှုအတွက် ပြစ်ဒဏ်ပေးနိုင်သောဥပဒေကို ပြင်ဆင်ရန်ကြိုးပမ်းသောကြောင့် ထိုင်းနိုင်ငံ၏ ဖွဲ့စည်းပုံအခြေခံ ဥပဒေဆိုင်ရာခုံရုံးက ထိုပါတီကို ဖျက်သိမ်းရန် ဩဂုတ်လ ၇ ရက်တွင် အမိန့်ချလိုက်ခြင်းဖြစ်သည်။

MFP ပါတီသည် အောက်လွှတ်တော်၌ အမတ်နေရာအများဆုံးပါတီဖြစ်သော်လည်း ထိုပါတီမှ ဝန်ကြီးချုပ်လောင်းအနေဖြင့် လွှတ်တော်၏အတည်ပြုထောက်ခံမှုကို မရခဲ့ပေ။ MFP ပါတီ၏ မူလပါတီမှာ Future Forward Party-FFP ပါတီဖြစ်ပြီး ထိုပါတီသည်လည်း ၂၀၂၀ ပြည့်နှစ်တွင် ရွေးကောက်ပွဲဥပဒေကို ချိုးဖောက် သည် ဟူသော စွပ်စွဲချက်ဖြင့် ဖျက်သိမ်းခံလိုက်ရခြင်းဖြစ်သည်။

Telegram»…
https://t.me/positiveanglenews

PAN

AMK #SZ