ထောက်ပံ့ကြေးအပါအဝင် တစ်ရက်ခုပ်ခ ၆၅၀၀ သတ်မှတ်


(ပြည်တွင်း) သြဂုတ် ၁၀

လက်ရှိထောက်ပံ့လျက်ရှိသည့် အပိုထောက်ပံ့ကြေး ကျပ် ၁၀၀၀/-အပြင် ထပ်မံ၍ ကျပ် ၁၀၀၀/- ကို အပိုထောက်ပံ့ကြေးအဖြစ် ခံစားခွင့်ပြုရန်ဖြစ်သဖြင့် နေ့စား အလုပ်သမားများအား နေ့စဉ်လုပ်ခ ကျပ် ၆၈၀၀ /- (ကျပ်ခြောက်ထောင့်ရှစ်ရာတိတိ)ကို ခွင့်ပြုရန်ဖြစ်ပါသည် “ဟု စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၏ ၂၆-၇-၂၀၂၄ ရက်စွဲပါအမိန့်ကြော်ငြာစာအမှတ်(၅၄/၂ဝ၂၄) ဖြင့် ထုတ်ပြန်သတ်မှတ်ခဲ့သည်ဟု သိရသည်။

၂ဝ၂၄ ခုနှစ်တွင် အလုပ်သမားများအတွက် အပိုထောက်ပံ့ကြေးငွေ သတ်မှတ်ကြေညာခြင်းအား အနည်းဆုံးအခကြေးငွေသတ်မှတ်ရေးဆိုင်ရာအမျိုးသားကော်မတီမှ ဩဂုတ်လ ၉ ရက်ကအမိန့်ကြော်ငြာစာအမှတ်၊ ၁/ ၂၀၂၄ ဖြင့် ထုတ်ပြန်ခဲ့သည်။

ယင်းအမိန့်ကြေညာစာတွင် အနည်းဆုံးအခကြေးငွေနှုန်းထားများကို ၂၀၁၃ ခုနှစ်၊ အနည်းဆုံးအခကြေးငွေဥပဒေ ပုဒ်မ ၁၀၊ ပုဒ်မခွဲ(ဃ)နှင့်အညီ သုံးပွင့်ဆိုင် ကိုယ်စားလှယ်များနှင့် ညှိနှိုင်းဆွေးနွေးပွဲများ ပြုလုပ်၍ဆုံးဖြတ်ခဲ့သည့် “ မြန်မာနိုင်ငံရှိ အလုပ်သမားများအတွက် နေရာဒေသနှင့် လုပ်ငန်းအမျိုးအစားမခွဲခြားဘဲ တစ်နိုင်ငံလုံး တစ်ပြေးညီ တစ်နာရီလျှင် ၆ဝဝ ကျပ်(ခြောက်ရာကျပ်) နှုန်းဖြင့် အလုပ်ချိန်၈ နာရီ (တစ်ရက်) အတွက် ၄,၈၀၀ ကျပ် (လေးထောင့်ရှစ်ရာကျပ်)” ကို ပြည်ထောင်စုအစိုးရအဖွဲ့၏ အတည်ပြုချက်ဖြင့် အမျိုးသားကော်မတီမှ ၁၄-၅-၂၀၁၈ ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ် (၂/၂၀၁၈)ဖြင့် ထုတ်ပြန်သတ်မှတ် ခဲ့သည်။

ထိုသို့ အနည်းဆုံးအခကြေးငွေနှုန်း အလုပ်ချိန် (၈) နာရီ တစ်ရက်အတွက် ကျပ် ၄၈၀၀/-သတ်မှတ်ခဲ့ခြင်းအပေါ် ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ ၁ ရက်နေ့မှစ၍ အပိုထောက်ပံ့ကြေး၁,၀၀၀/- ကျပ် (တစ်ထောင်ကျပ်တိတိ)ကို အလုပ် လုပ်သောရက်များနှင့် ၁၉၅၁ ခုနှစ်၊ ခွင့်ရက်နှင့်အလုပ်ပိတ်ရက်အက်ဥပဒေအရ ၉-၁၀-၂၀၂၃ ရက်စွဲပါအမိန့်ကြော်ငြာစာအမှတ် (၂/၂၀၂၃) ဖြင့်ခံစားခွင့်ပြုပြီးဖြစ်သည်။

အစိုးရဌာနများနှင့်အဖွဲ့အစည်းများရှိ နေ့စားဝန်ထမ်းများနှင့် နေ့စားအလုပ်သမားများ၏ လုပ်ခကို အလုပ်ချိန် တစ်နေ့(၈)နာရီအတွက် လက်ရှိသတ်မှတ်ထားသော လုပ်ခ ကျပ် ၄၈၀၀/- အပေါ်တွင် အပိုထောက်ပံ့ကြေးကျပ် ၁၀၀၀/- ကို ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလမှစတင်၍ လစဉ်ခံစားခွင့်ပြုခဲ့သည်ဟုပါရှိသည်။

Telegram»…
https://t.me/positiveanglenews

PAN

AMT #SZ