Varicose Vein ( သွေးပြန်ကြောထုံးခြင်း )


(ကျန်းမာရေး) ဩဂုတ် ၉

သွေးပြန်ကြောထုံးခြင်း ဆိုသည်မှာ သွေးပြန်ကြောများ တွန့်ခေါက်ကြီးမားလာခြင်းကို ဆိုလိုသည်။ ခန္ဓာကိုယ်နေရာအနှံ့အပြားရှိ သွေးပြန်ကြောများတွင် ဖြစ်နိုင်သော်လည်း၊ မတ်တပ်ရပ်ချိန်၊ လမ်းလျှောက်ချိန်တို့တွင် ဖိအားအများဆုံးခံစားရသော ဒူးခေါင်းအောက်ပိုင်းရှိ သွေးပြန်ကြောများတွင် ပို၍ အဖြစ်များသည်။

လက္ခဏာများ

သွေးပြန်ကြောထုံးခြင်းမှာ များသောအားဖြင့် နာကျင်ခြင်းမရှိတတ်ပေ။

လက္ခဏာများအနေဖြင့်

သွေးပြန်ကြောများအပြာရောင် သို့မဟုတ် ခရမ်းရောင် ဖြစ်နေခြင်း၊ သိသာစွာဖောင်းနေခြင်း၊ တွန့်ခေါက်နေခြင်း၊ ခြေထောက်များလေးခြင်း၊ ကိုက်ခဲခြင်း၊ ပူခြင်း၊ ဆောက်ဖြင့် ထိုးခံရသကဲ့သို့ တဆစ်ဆစ်ကိုက်ခဲခြင်း၊ ကြွက်သားများနာကျင်ခြင်း၊ ခြေထောက်များရောင်ခြင်း၊ အချိန်ကြာမြင့်စွာထိုင်လျှင်၊ မတ်တပ်ရပ်လျှင် ပို၍နာကျင်ခြင်း၊ သွေးပြန်ကြောအနီးတစ်ဝိုက်တွင် ကိုက်ခဲခြင်း၊ သွေးပြန်ကြောထုံးများမှ သွေးထွက်ခြင်း၊ သွေးပြန်ကြောများအရောင်ပြောင်းလာခြင်း၊ မာကျောလာခြင်း၊ ခြေမျက်စိတစ်ဝိုက်ရှိ အရေပြားများရောင်ရမ်းခြင်း၊ အနာဖြစ်ခြင်းတို့ကို ကြုံတွေ့ရတတ်သည်။

ပင့်ကူအိမ်ကဲ့သို့သောသွေးကြောများ (Spider vein) မှာသွေးကြောထုံးများနှင့် ဆင်တူပြီးအရွယ်အစားမှာပို၍သေးငယ်ကြသည်။ အပေါ်ယံအရေပြားနှင့် ပိုနီးကပ်ပြီးအနီရောင် သို့မဟုတ် အပြာရောင်သွေးကြောကွန်ယက်များအဖြစ် တွေ့ရတတ်သည်။ ခြေထောက်တွင် အဖြစ်များပြီး၊ တခါတရံမျက်နှာပေါ်တွင်လည်းတွေ့ရတတ်သည်။
ဖြစ်ပွားရသောအကြောင်းရင်းများ

သွေးပြန်ကြောများသည် သွေးများကို နှလုံးဆီသို့ ပြန်လည်သယ်ဆောင်ပေးသော အလုပ်ကိုလုပ်ဆောင်သည်။ ခန္ဓာကိုယ်အောက်ပိုင်းရှိသွေးကြောများသည် မြေဆွဲအားနှင့် ဆန့်ကျင်ကာသွေးများကို နှလုံးသို့ ပြန်လည်ယူဆောင်ရသည်။ခြေထောက်ရှိကြွက်သားများ၊ သွေးပြန်ကြောများ၏ ကျုံ့နိုင် ဆန့်နိုင်အားနှင့် သွေးပြန်ကြောအတွင်းရှိ အဆို့ရှင်လေးများက သွေးများကိုအထက်သို့ ပို့နိုင်ရန် အဓိကကူညီကြသည်။

ထိုသွေးပြန်ကြောများထုံးရခြင်း၏ အကြောင်းရင်းများမှာ

အသက်အရွယ်ကြီးလာခြင်းကြောင့် သွေးပြန်ကြော၏ ကျုံ့ဆန့်နိုင်အားနည်းသွားခြင်း၊ အဆို့ရှင်များမလုံခြင်းကြောင့် သွေးပြန်ကြောအတွင်း သွေးများအိုင်ကာ ဖောင်းလာခြင်း၊ ကိုယ်ဝန်ဆောင်ချိန်တွင် ခန္ဓာကိုယ်တွင်း သွေးပမာဏပိုမိုများပြားလာခြင်း၊ ဟော်မုန်းများ ပြောင်းလဲခြင်းနှင့် သားအိမ်၏ ဖိနှိပ်မှုကြောင့် သွေးပြန်ကြောတွင်းသွေးများ စုပုံခြင်းကို ကြုံတွေ့ရနိုင်သည်။

ဖြစ်နိုင်ချေများသူများ

သွေးပြန်ကြောထုံးခြင်းကို

အသက်အရွယ်ကြီးသူများ၊ မျိုးသမီးများ၊ ကိုယ်ဝန်ဆောင်များ၊ မိသားစုအတွင်း သွေးကြောထုံးရောဂါရှိသူများ၊ အဝလွန်သူများ၊ အထိုင်များ၊ မတ်တပ်ရပ်များသူများတွင် အများဆုံးတွေ့ရတတ်သည်။

နောက်ဆက်တွဲပြဿနာများ

နောက်ဆက်တွဲ ပြဿနာများအနေဖြင့်

သွေးပြန်ကြောထုံးအနီးရှိ အရေပြားတွင် အနာဖြစ်ခြင်း၊ အရေပြားပေါက်သွားပြီး သွေးထွက်ခြင်း၊ သွေးခဲများ ဖြစ်ခြင်းတို့ကို ကြုံတွေ့ရနိုင်သည်။

စစ်ဆေးမှုများ

ဆရာဝန်နှင့် ပြသကာစမ်းသပ်မှုခံယူသင့်သည်။ သွေးပြန်ကြောအတွင်းရှိ အဆို့ရှင်များကောင်းမကောင်း၊ သွေးခဲများရှိမရှိကို သိနိုင်ရန် အာထရာဆောင်းဖြင့် စစ်ဆေးနိုင်သည်။

ကုသခြင်း အိမ်တွင်းကုထုံးများအနေဖြင့်၊ လေ့ကျင့်ခန်းလုပ်ခြင်း၊ ကိုယ်အလေးချိန် လျှော့ချခြင်း၊ အလွန်ကြပ်သော အဝတ်အစားများကို ရှောင်ခြင်း၊ ခြေထောက်ကို မြှင့်ထားခြင်း၊ ကြာရှည်စွာထိုင်ခြင်း၊ မတ်တပ်ရပ်ခြင်းကို ရှောင်ခြင်း၊ ခြေထောက်ချိတ်ထိုင်ခြင်းကို ရှောင်ခြင်းတို့ကို ပြုလုပ်သင့်သည်။ ကြွက်သားများ၏ ညှစ်အားကိုကူညီပေးသော ခြေအိတ်ရှည်များကို တစ်နေ့လုံးဝတ်ဆင်ထားခြင်းဖြင့် သွေးပြန်ကြောအတွင်း သွေးအိုင်ခြင်းကိုကာကွယ်နိုင်သည်။ အလွန်ဆိုးရွားလာပါကသို့မဟုတ် အလှအပအတွက် ပြုပြင်လိုပါက၊ ဖောင်းနေသော သွေးကြောများကို ပိတ်ပစ်ခြင်း၊ လေဆာဖြင့် ကုသခြင်း၊ခွဲစိတ်ကုသခြင်းတို့ကို ပြုလုပ်နိုင်ပါသည်။

ကိုယ်ဝန်ဆောင်များတွင် သွေးပြန်ကြောထုံးများမှာ ဆေးကုသရန်မလိုဘဲ ကလေးမွေးဖွားပြီး ၃လမှ ၁၂လအတွင်း အလိုအလျောက် ပျောက်ကင်းသွားတတ်သည်။
ကာကွယ်ခြင်း

သွေးပြန်ကြောထုံးခြင်းကို ကာကွယ်နိုင်ရန်

လေ့ကျင့်ခန်းလုပ်ခြင်း၊ ကိုယ်အလေးချိန် လျှော့ချခြင်း၊ အလွန်ကြပ်သော အဝတ်အစားများကို ရှောင်ခြင်း၊ ခြေထောက်ကို မြှင့်ထားခြင်း၊ ကြာရှည်စွာထိုင်ခြင်း၊ မတ်တပ်ရပ်ခြင်းကိုရှောင်ခြင်း၊ ခြေထောက်ချိတ်ထိုင်ခြင်းကို ရှောင်ခြင်းတို့ကို ပြုလုပ်သင့်သည်။

Telegram»…
https://t.me/positiveanglenews

PAN

SZ