ဂျပန်နိုင်ငံအနောက်တောင်ပိုင်း၌ ပြင်းအား ၇ ဒသမ ၁ အဆင့်ရှိ မြေငလျင်လှုပ်ခတ်ခဲ့


(နိုင်ငံတကာ)ဩဂုတ် ၉

ဂျပန်နိုင်ငံအနောက်တောင်ပိုင်း၌ ဩဂုတ်လ ၈ ရက်တွင် ပြင်းအား ၇ ဒသမ ၁ အဆင့်ရှိ မြေငလျင် လှုပ်ခတ်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ကျူးရှူးကျွန်း အရှေ့တောင်ဘက် ကမ်းရိုးတန်းရှိ မီယာဇာကီမြို့မှ မီးပွိင့်များ ငလျင်လှုပ်ခတ်မှုကြောင့် လှုပ်ခါသွားပုံကို NHK သတင်းဌာနထုတ်လွှင့်မှုတွင် တွေ့မြင်ခဲ့ရသည်။

အဆိုပါ ငလျင်လှုပ်ခတ်မှုကြောင့် ဆူနာမီရေလှိုင်းများ ကမ်းခြေသို့အကြိမ်ကြိမ်ရိုက်ခတ်နေသဖြင့် ဘေးအန္တရာယ်ဆိုင်ရာ သတိပေးချက်များ မရုပ်သိမ်းမချင်း ပင်လယ်ကမ်းရိုးတန်းဒေသများကို သွားလာခြင်းမပြုကြရန် ဂျပန်မိုးလေဝသ ဌာနက လူမှုကွန်ရက်တွင် ပြောကြားထားသည်။

မီယာဇာကီစီရင်စု မီယာဇာကီဆိပ်ကမ်း၌ ၅၀ စင်တီမီတာအထိ ဆူနာမီရေလှိုင်းများတက်လာခဲ့သည်။ လက်ရှိအချိန်တွင် မီယာဇာကီလေဆိပ်ရှိ လေယာဉ်ခရီးစဉ်များအားလုံးကို ဖျက်သိမ်းခဲ့သည်။

ကာဂိုရှီးမားစီရင်စုရှိ ဆန်ဒိုင်း နျူကလီးယားဓာတ်အားပေးစက်ရုံတွင် ယင်းမြေငလျင်ကြောင့် ထိခိုက်မှုတစ်စုံတစ်ရာမရှိကြောင်း ကျူးရှူး လျှပ်စစ်ဓာတ်အားပေးကုမ္ပဏီက ပြောကြားသည်။

နေ့စဉ်သုံးပစ္စည်းများ ဝယ်ယူစုဆောင်းထားရန်၊ သက်ကြီးရွယ်အိုများအပါအဝင် မိမိ၏မိသားစုဝင်များအား ငလျင်ဘေးမကျရောက်စေရေး ပြင်ဆင်ဆောင်ရွက်ထား ရန်နှင့် ကယ်ဆယ်ရေးစခန်းများရှိရာ နေရာသို့သွားရောက်နိုင်ရေးဆောင်ရွက်ထားရန် ဒေသခံများအား တာဝန်ရှိသူများက ညွှန်ကြားထားကြောင်း NHK သတင်းဌာနတွင် ဖော်ပြထားသည်။

Telegram»…
https://t.me/positiveanglenews

PAN

SZ