ကုန်သွယ်ရေကြောင်းကောလိပ်အရာရှိလောင်းဒီပလိုမာသင်တန်းကို ၂၀၂၅ ခုနှစ် နှစ်ဆန်းပိုင်းမှာ စတင်ဖွင့်လှစ်မည်

(ပြည်တွင်း) သြဂုတ် ၉

      မြန်မာနိုင်ငံကုန်သွယ်ရေကြောင်းကောလိပ်မှ ၂၀၂၅ -၂၀၂၆ ပညာသင်နှစ်မှစတင်ကာ အရာရှိလောင်း ဒီပလိုမာ သင်တန်းများကို လာမယ့် ၂၀၂၅ ခုနှစ် ဇန်နဝါရီလမှာ စတင်ဖွင့်လှစ်မှာ ဖြစ်တယ်လို့ သိရပါတယ်။

     အဆိုပါသင်တန်းက ၂ နှစ်ကြာတက်ရောက်ရမှာ ဖြစ်ပြီး ကုန်သွယ်ရေကြောင်း အရာရှိလောင်းသင်တန်း (CD/52)၊ ကုန်သွယ်ရေကြောင်း အင်ဂျင်နီယာ အရာရှိလောင်းသင်တန်း (CE/50) နှင့် ကုန်သွယ်ရေကြောင်းလျှပ်စစ် နည်းပညာ အရာရှိလောင်းသင်တန်း (CME/05) တို့ပါဝင်တယ်လို့ သိရပါတယ်။

       သင်တန်းများပြီးဆုံးပါက ပေးအပ်မယ့် ဒီပလိုမာဘွဲ့များမှာ ရေကြောင်းပညာဒီပလိုမာ (Diploma in Nautical Studies)၊ ရေကြောင်းနည်းပညာဒီပလိုမာ (Diploma in Maritime Technology)၊ ရေကြောင်းလျှပ်စစ်နည်းပညာ ဒီပလိုမာ (Diploma in Marine Electrical Technology) တို့ဖြစ်တယ်လို့ သိရပါတယ်။
လျှောက်ထားလိုသူများအနေနဲ့ ၂၀၂၄ ခုနှစ် ဒီဇင်ဘာ လ ၃၁ ရက်မှာ အသက် ၂၁ နှစ်ထက်မကျော်လွန်သူ ဖြစ်ရမည် ဖြစ်ကာ ကုန်သွယ်ရေကြောင်း အရာရှိလောင်းသင်တန်းနှင့် ကုန်သွယ်ရေကြောင်း အင်ဂျင်နီ ယာ အရာရှိလောင်း သင်တန်းများအတွက် KG+12 စာမေးပွဲမှာ ရူပဗေဒ၊ ဓာတုဗေဒဘာသာရပ်များ ပါဝင်တဲ့ (သိပ္ပံ/ဝိပ္ပံ)ဘာသာတွဲနဲ့ အောင်မြင်ပြီး စုစုပေါင်းရမှတ် အနည်းဆုံး ၄၀၀ ရှိရမည်ဖြစ်ကြောင်း သိရပါတယ်။

       ကုန်သွယ်ရေကြောင်း လျှပ်စစ်နည်းပညာ အရာရှိလောင်းသင်တန်းအတွက် KG+12 စာမေးပွဲမှာ ရူပဗေဒ၊ ဓာတုဗေဒဘာသာရပ်များ ပါဝင်သော (သိပ္ပံ/ဝိပ္ပံ) ဘာသာတွဲနဲ့ အောင်မြင်ပြီး စုစုပေါင်းရမှတ်အနည်းဆုံး ၃၉၀ ရှိရမှာ ဖြစ်ပါတယ်။

      အဆိုပါသင်တန်းများကို ၂၀၂၄ ခုနှစ် ဇူလိုင် လ ၁ ရက်မှစတင်ပြီး ဩဂုတ်လ ၃၀ ရက်အထိ ကျောင်းမှာ လာရောက် လျှောက်ထားနိုင်ပြီး  ဖွင့်လှစ်သင်ကြားပေးမည့် အရာရှိဒီပလိုမာသင်တန်းများမှာ ကုန်သွယ်ရေကြောင်း အရာရှိလောင်း သင်တန်းအတွက် ၁၃၀ ၊ ကုန်သွယ်ရေကြောင်းအင်ဂျင်နီယာအရာရှိလောင်းသင်တန်း ၁၃၀ နှင့် ကုန်သွယ် ရေကြောင်း လျှပ်စစ်နည်းပညာအရာရှိလောင်း သင်တန်းအတွက် ၄၀ အသီးသီး လက်ခံသွားမည် ဖြစ်ပါတယ်။

       ဘုရင့်နောင်လမ်းမ၊ ကမာရွတ်မြို့နယ်ရှိ မြန်မာ နိုင်ငံကုန်သွယ်ရေကြောင်း ကောလိပ်မှာ သင်တန်းဝင်ခွင့်ကို လူတွေ့စစ်ဆေးရွေးချယ်မည်ဖြစ်ကာ အသေး စိတ်အချက်အလက်များကို မော်ကွန်းထိန်းရုံး၊ သင်တန်းဌာနများသို့ ရုံးချိန်အတွင်း ဆက်သွယ်မေးမြန်းနိုင်ကြောင်း သိရပါတယ်။

#PAN