ကီရာလာပြည်နယ်၌ မြေပြိုမှုများကြောင့် သေဆုံးသူ ၁၀၀ နီးပါးထိ မြင့်တက်လာ


(နိုင်ငံတကာ) ဇူလိုင် ၃၁

အိန္ဒိယနိုင်ငံတောင်ပိုင်း ကီရာလာပြည်နယ်၌ ဇူလိုင်လ ၃၀ ရက်တွင် မြေပြိုမှုများဖြစ်ပွားရာ သေဆုံးသူ ၁၀၀ နီးပါးအထိ မြင့်တက်လာကြောင်းနှင့် ၁၁၀ ကျော်ဒဏ်ရာရရှိထားကြောင်း ပြည်နယ်ရဲတပ်ဖွဲ့တာဝန်ရှိသူ တစ်ဦး က ပြောသည်ဟု ဆင်ဟွာသတင်းဌာန က ဖော်ပြထားသည်။

အဆိုပါ မြေပြိုမှုများသည် လူအများ အိပ်ပျော်နေသည့် ဒေသစံတော်ချိန် နံနက် ၂ နာရီဝန်းကျင်တွင် မက်ပါဒီအရပ်၌ ဖြစ်ပွားခြင်းဖြစ်ပြီး ဒဏ်ရာရရှိသူများသည် ဒေသတွင်းရှိ‌ဆေးရုံသို့ ပို့ဆောင်ထားသည်ဟု တာဝန်ရှိသူ က ဆက်ပြောသည်။

အလားတူ မြေပြိုမှုများကြောင့် ကျေးရွာအများအပြားမှာ ဘေးသင့်သည့်ဒေသများဖြစ်လာကြောင်းနှင့် လူအများအပြားမှ ချာလီယာမြစ်ထဲသို့ မျောပါသွားဖွယ်ရှိ ကြောင်း ဆင်ဟွာသတင်းဌာနက ဆက်လက်ဖော်ပြထားသည်။

သို့သော် India Today သတင်းဌာန၏ online ထုတ်ပြန်ချက်တစ်ခုတွင် လူရာပေါင်းများစွာမှာ အပျက်အစီး များအောက်တွင် ပိတ်မိနေကြောင်း၊ အနည်းဆုံး လူ ၁၀၆ ဦးသေဆုံးပြီး ၁၂၈ ဦးဒဏ်ရာရရှိထားကြောင်း ရေးသားထားသည်။

အိန္ဒိယတပ်မတော်မှ တပ်မတော်သားများက အပျက်အစီးများအောက်တွင် ပိတ်မိနေသူများကို ကယ်ဆယ်ရေးလုပ်ငန်းများ လုပ်ဆောင်ရာ၌ ပါဝင်ဆောင်ရွက် ပေးလျက်ရှိသည်။

အိန္ဒိယကြည်းတပ် က ၎င်းတို့ အနေဖြင့် ဆေးတပ်ဖွဲများအပါအဝင် စစ်သည် ၂၂၅ ဦးစေလွှတ်ထားကြောင်း ပြောသည်။ အလားတူ လေတပ် ကလည်း ရဟတ်ယာဉ် နှစ်စင်းဖြင့် ကယ်ဆယ်ရေးဆောင်ရွက်ပေးနေကြောင်း သိရသည်။

Telegram»…
https://t.me/positiveanglenews

PAN

SZ