ရုရှား က စစ်ရေယာဉ်အစင်း ၂၀၀ ကျော်ဖြင့် ရေတပ်နေ့ စစ်ရေးပြအခမ်းအနားကျင်းပ


(နိုင်ငံတကာ) ဇူလိုင် ၃၀

ရုရှားနိုင်ငံက စစ်ရေယာဉ်အစင်း ၂၀၀ ကျော်ဖြင့် ရေတပ်နေ့စစ်ရေးပြအခမ်းအနားကို ဇူလိုင်လ ၂၈ ရက် တွင် စိန့်ပီတာစဘတ်မြို့၌ ကျင်းပကြောင်းသိရသည်။

အဆိုပါ စစ်ရေးပြအခမ်းအနားကို နှစ်စဉ်ဇူလိုင်လ နောက်ဆုံး တနင်္ဂနွေနေ့တိုင်း ကျင်းပလေ့ရှိပြီး ယခုအခမ်းအနားသို့ ရုရှားသမ္မတ ဗလာဒီမာပူတင်၊ ကာကယ်ရေးဝန်ကြီးနှင့် ရေတပ်ဦးစီးချုပ်တို တက်ရောက်သည်။

ယင်းစစ်ရေးပြအခမ်းအနားတွင် ရုရှားရေတပ်၏ မြောက်ပိုင်း၊ ပစိဖိတ်၊ ဘောတစ်ဒေသ၊ ကတ်စပီယံ ရေယာဉ်စုများမှ စစ်ရေယာဉ်များနှင့် စစ်သည်များသာမက ဆီးရီးယားတွင် ဖြန့်ကြက်ထားသည့် ရေတပ်မှစစ်သည်များလည်း ပါဝင်စစ်ရေးပြသည်။

သို့သော် ယူကရိန်းနှင့်ပဋိပက္ခတွင် ရင်ဆိုင်လျက်ရှိသည့် ပင်လယ်နက်ဒေသရေယာဉ်စုမှ စစ်ရေယာဉ်များနှင့် စစ်သည်များမှာမူ ယခုစစ်ရေးပြအခမ်းအနားတွင် ပါဝင်နိုင်ခြင်းမရှိပေ။

စစ်ရေးပြအခမ်းအနား၌ စစ်သည်အင်အား ၁၅,၀၀၀ နှင့်စစ်ရေယာဉ်တစ်စင်းပေါင်း ၂၀၀ ကျော်အပြင် တရုတ်၊ အိန္ဒိယနှင့် အယ်ဂျီးရီးယားနိုင်ငံတို့မှ စစ်ရေယာဉ်များလည်း ပါဝင်စစ်ရေးပြသည်။

ထိုစစ်ရေးပြ စစ်ရေယာဉ်များကို ဦးဆောင်လာသည့်စစ်ရေယာဉ်မှာ ၁၇၁၂ ခုနှစ်တွင် ရေချအသုံးပြုသည့် ၁၈ ရာစု အမြောက်တင် ရွက်သင်္ဘော ပိုတာဘာဖြစ်သည်။

နောက်ထပ်ပါဝင်သည့် စစ်ရေယာဉ်များမှာ အသေးစားဒုံးကျည်တင်သင်္ဘောများမှသည် ကီလိုမီတာ ၁,၀၀၀ အထိ ပျံသန်းရောက်ရှိနိုင်သော Kalibr ဒုံးကျည်တင် ကော်ဗက်စစ်ရေယာဉ်များ ဖြစ်သည်။

ယခုစစ်ရေးပြအခမ်းအနား၌ အထူးပါဝင်စစ်ရေးပြသည့် သင်္ဘောမှာ ရေခဲခွဲသင်္ဘော အီဗန်ပါပါနင်ဖြစ်သည်။ ရုရှားနိုင်ငံသည် ရေခဲခွဲသင်္ဘောအစင်းရေ ၄၀ ကျော်ဖြင့် ကမ္ဘာပေါ်တွင်အကြီးမားဆုံးသော ရေခဲခွဲသင်္ဘောအုပ်စုကို ပိုင်ဆိုင်ထားသည်။

အလားတူ တော်ပီဒိုများနှင့် Kalibr ဒုံးကျည်များ တပ်ဆင်အသုံးပြုနိုင်သော Mozhaisk အတန်းအစား ဒီဇယ်-လျှပ်စစ်ရေငုပ်သင်္ဘောက စစ်ရေးပြတွင် ပါဝင်သည်။

ထိုပြင် တရုတ်နိုင်ငံမှ ဖျက်သင်္ဘောတစ်စင်းနှင့် အခြား သင်္ဘောတစ်စင်း၊ အယ်လ်ဂျီးရီးယားမှ လေ့ကျင့်ရေးသင်္ဘောတစ်စင်းနှင့် အိန္ဒိယနိုင်ငံမှ ကိုယ်ဖျောက်ဖရီးဂိတ် သင်္ဘောတစ်စင်းတိုကလည်း စစ်ရေးပြတွင် ပါဝင်စစ်ရေးပြသည်။

ရုရှားနိုင်ငံအနေဖြင့် ရေတပ်အင်အားစုကို ပိုမို အင်အားတောင့်တင်းခိုင်မာအောင်နှင့် ရေယာဉ်အုပ်စုများကို အဆင့်မြင့်နည်းပညာသုံး စစ်လက်နက်ပစ္စည်းများဖြင့် အဆင့်မြှင့်တင်မှုများ လုပ်ဆောင်သွားမည်ဟု ရုရှားသမ္မတပူတင် က ကတိပြုထားကြောင်း RT သတင်းဌာနတွင် ဖော်ပြထားသည်။

Telegram»…
https://t.me/positiveanglenews

PAN

SZ