ရာသီတုပ်ကွေးနှင့် အစာလည်းဆေး၊ ဆေးလည်းအစာ


(ကျန်းမာရေး) ဇူလိုင် ၃၀

အခုလိုမိုးရာသီကာလဟာ ရာသီတုပ်ကွေးအဖြစ်များတဲ့ကာလဖြစ်တာကြောင့် ဒီဆောင်းပါးလေးမှာတော့ “အစာလည်းဆေး၊ ဆေးလည်းအစာ” ဆိုတဲ့အတိုင်း ရာသီတုပ်ကွေးမဖြစ်အောင် အစားအစာတွေနဲ့ ဘယ်လိုကာကွယ်ကြမလဲဆိုတာရယ်၊ တုပ်ကွေးဖြစ်နေစဥ်မှာ အစားအစာကို ဂရုတစိုက်ရွေးချယ်စားသုံးခြင်းဖြင့် ခန္ဓာကိုယ်ရဲ့ကိုယ်ခံအားစနစ်ကိုမြှင့်တင်ကာ တုပ်ကွေးလက္ခဏာတွေကနေ အမြန်ဆုံးပြန်လည် နလန်ထူနိုင်စေဖို့ရယ်နဲ့ တုပ်ကွေးဖြစ်နေစဥ်မှာ ဆောင်သင့်၊ ရှောင်သင့်တဲ့ အစားအစာတွေအကြောင်းကို မျှဝေပေးသွားမှာဖြစ်ပါတယ်။

ပထမဆုံးအနေနဲ့ တုပ်ကွေးအကြောင်းအနည်းငယ် လေ့လာကြည့်ကြရအောင်ပါ

တုပ်‌ကွေးဆိုတာ တုပ်ကွေးဗိုင်းရပ်စ်ပိုးက နှာခေါင်း၊ လည်ချောင်းနဲ့ အဆုတ်တို့ကို ကူးစက်ရာကနေ ဖြစ်ပေါ်လာတဲ့ အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါတစ်မျိုးဖြစ်ပါတယ်။ တုပ်ကွေးဟာ အပျော့စားအဆင့်ကနေ ပြင်းထန်အဆင့်ထိရောက်နိုင်ပြီး‌ မကုသဘဲထားရင်တော့ အသက်ဆုံးရှုံးတဲ့အထိ ဖြစ်စေနိုင်ပါတယ်။ (ဆရာဝန်တွေက တုပ်ကွေးကြောင့်ဖြစ်တဲ့ဖျားနာမှုကို ကာကွယ်နိုင်ဖို့အတွက် တုပ်ကွေးကာကွယ်ဆေးကို နှစ်စဥ်ထိုးသင့်ကြောင်း အကြံပြုလေ့ရှိပါတယ်။)

တုပ်ကွေးကြောင့် ဖြစ်တဲ့လက္ခဏာတွေကတော့

ချောင်းဆိုးခြင်း
ကိုယ်ပူခြင်း၊ ဖျားနာြခင်း
ကြွက်သားကိုက်ခဲခြင်းနဲ့ ကိုယ်လက်မအီမသာဖြစ်ခြင်း
ပင်ပန်းနွမ်းနယ်ခြင်း
လည်ချောင်းနာခြင်း
နှာရည်ယိုခြင်း/နှာစေးခြင်း
‌ခေါင်းကိုက်ခြင်း
တချို့ဆိုရင် တုပ်ကွေးကြောင့် ဖြစ်လေ့ဖြစ်ထရှိတဲ့ လက္ခဏာတွေအပြင် အော့အန်ခြင်း(သို့) ပျို့အန်ခြင်းနဲ့ ဝမ်းလျှောခြင်း စတဲ့ လက္ခဏာတွေပါ ခံစားရတတ်ပါတယ်။

ဒီတော့ တုပ်ကွေးလက္ခဏာတွေမခံစားရအောင်နဲ့ တုပ်ကွေးမဖြစ်အောင် ဘယ်လိုအစားအသောက်တွေ စားသောက်ပြီး ကာကွယ်လို့ရသလဲဆိုတာကို ဆက်ဖတ်ကြည့်ရအောင်‌နော်…

တုပ်ကွေးဖြစ်နိုင်ချေလျှော့ချရာမှာ ကူညီပေးနိုင်တယ်လို့ ယူဆထားတဲ့ ဗီတာမင်နဲ့ သတ္တုဓာတ်တွေ ပါဝင်တဲ့ အစားအစာတွေကို အောက်မှာဖော်ပြထားပါတယ်။

(၁) မှို၊ နို့နဲ့ ဆယ်လ်မွန်ကဲ့သို့သော ဗီတာမင် ဒီ(D) အစားအစာများ၊

(၂) သံဓာတ်ကြွယ်ဝတဲ့ အစားအစာတွေဖြစ်တဲ့ အခွံမာသီး၊ ပဲဖြူ၊

(၃) ဇင့်ဓာတ်ကြွယ်ဝတဲ့ အစားအစာတွေဖြစ်တဲ့ ကမာကောင်၊ ကြက်သားနဲ့ အနီရောင်အသားများ၊

(၄) ဆန်လုံးညို၊ အုပ်မီရယ်(လ်) oatmeal၊ သီဟိုဠ်စေ့နဲ့ ဒိန်ချဉ်တို့လို ဆီလီနီယမ် ကြွယ်ဝတဲ့ အစားအစာတွေပဲဖြစ်ပါတယ်။

အအေးမိတုပ်ကွေး (သို့) အသက်ရှုလမ်းကြောင်းအပေါ်ပိုင်းကူးစက်ရောဂါကြောင့် ဖျားနာတဲ့ အခါမှာ အစာ စားချင်စိတ်နည်းတာမျိုးဖြစ်တတ်ပါတယ်။ သို့သော် အစားအစာ၊ အစားအသောက် တွေက အအေးမိတာနဲ့ တုပ်ကွေး‌ရောဂါလက္ခဏာတွေကို ကုသရာမှာ အရေးကြီးတဲ့အခန်းကဏ္ဍကနေ ပါဝင်နေတာကြောင့် အာဟာပြည့်ဝစွာစားသုံးပေးဖို့လိုပါတယ်။

နေမကောင်းဖြစ်တဲ့အခါ အာဟာရပြည့်ဝပြီး အမြန်ဆုံးပြန်လည်ကျန်းမာလာစေဖို့အတွက် ခန္ဓာကိုယ်ဟာ အာဟာရဓာတ်တွေကို အရင်ကထက် ပိုပြီးလိုအပ်ပါတယ်။
ဒါကြောင့် တုပ်ကွေးရောဂါလက္ခဏာတွေ ခံစားနေရစဥ်မှာ မြန်မြန်နေပြန်ကောင်းလာစေမယ့် အစားအစာ (၁၀)မျိုးကို မျှဝေပေးလိုက်ပါတယ်နော်။

(၁) ဟင်းရည်

အမဲသား၊ ဟင်းသီးဟင်းရွက် သို့မဟုတ် ကြက်သားအစရှိတဲ့ အမယ်စုံလေးတွေပါဝင်တဲ့ ဟင်းရည်ပူပူနွေးနွေးက တုပ်ကွေးရောဂါလက္ခဏာတွေကို တိုက်ဖျက်ရာမှာ အကျိုးပြုပြီး အာဟာရဖြစ်စေပါတယ်။ ဟင်းရည် ပူပူလေးရဲ့ အနွေးဓာတ်က လည်ချောင်းနာတာကို သက်သာစေတဲ့အပြင် ရေဓာတ်ခမ်းခြောက်တာကိုလည်း သက်သာစေ နိုင်ပါတယ်။

(၂) ရေခဲချောင်း

ရေခဲချောင်းဟာ ရေဓာတ်ထိန်းဖို့ ကူညီပေးရာမှာ အထောက်အကူပြုတဲ့ ရွေးချယ်စရာတစ်ခုဖြစ်ပြီး အေးတဲ့ အစားအစာတွေက လည်ချောင်းခြောက်သွေ့ခြင်း (သို့) ရောင်ရမ်းခြင်းနဲ့ဆက်စပ်တဲ့ နာကျင်မှုတွေကို ထုံစေနိုင်တဲ့သက်ရောက်မှုရှိတယ်လို့ လေ့လာအချို့ကတွေ့ရှိထားပါတယ်။ နာလန်ထူချိန်မှာ လိုအပ်တဲ့ ဗီတာမင်တွေကို ၁၀၀%သစ်သီးနဲ့လုပ်ထားတဲ့ ဖျော်ရည်နဲ့ ရေခဲချောင်းတွေကနေ ရနိုင်တာကြောင့် သကြားအပြည့်ပါဝင်တဲ့ အစားအစာတွေထက် ဒီလိုသစ်သီးစစ်စစ် ဖျော်ရည်၊ ရေခဲချောင်းတွေကို စားသုံးပေးတာက ပိုကောင်းတဲ့ရွေးချယ်မှုပါပဲ။

(၃) ကြက်စွပ်ပြုတ်

ဖျားနာမှုအတွက် ကြက်စွပ်ပြုတ်ရဲ့ ပြီးပြည့်စုံသော အနာကျက်စေနိုင်တဲ့ ဂုဏ်သတ္တိတွေကို ဖော်ပြရန်အတွက် သိပ္ပံနည်းကျအထောက်အထားတွေ လိုအပ်နေသေးသော်လည်း ဖျားနာတဲ့အခါ ကြက်စွပ်ပြုတ်သောက်ခြင်း ကနေရရှိနိုင်တဲ့ အကျိုးကျေးဇူး‌တွေ ရှိပါတယ်။ ကြက်စွပ်ပြုတ်မှာ တုပ်ကွေးရောဂါကို သက်သာပျောက်ကင်းစေတဲ့ စံပြပါဝင်ပစ္စည်း အများအပြားပါဝင်ပါတယ်။ ဟင်းရည်က လည်ချောင်းနာတာကို သက်သာစေဖို့ ကူညီပေးပြီး ကြက်သားဟာ ပြည့်ဝဆီပါဝင်မှုနည်းတဲ့ ပရိုတင်းအရင်းအမြစ်ကောင်းတစ်ခုပဲဖြစ်ပါတယ်။ စွပ်ပြုတ်ထဲမှာ မုန်လာဥနီ၊ တရုတ်နံနံနဲ့ ကြက်သွန်နီကဲ့သို့သော ဗီတာမင်အေ (A) နဲ့ ဗီတာမင်စီ(C) အရင်းအမြစ်ကြွယ်ဝတဲ့ သီးနှံတွေကို ထည့်ပေးခြင်းဖြင့် ကိုယ်ခံအားကောင်းစေဖို့ ပံ့ပိုးပေးတဲ့ ကြက်စွပ်ပြုတ် တစ်ခွက်ရရှိမှာဖြစ်ပါတယ်။

သားသတ်လွတ်စားသုံးသူဆိုရင်‌တော့ ကြက်သားအစား ကြိုချက်ထားတဲ့ တို့ဖူးကို အစားထိုးခြင်းဖြင့် ပရိုတင်းဓာတ်ကိုရရှိစေနိုင်မှာ ဖြစ်ပါတယ်။

(၄) သစ်သီးဝလံနှင့် ဟင်းသီးဟင်းရွက်များ

သစ်သီးဝလံနဲ့ ဟင်းသီးဟင်းရွက်တွေဟာ ဗီတာမင်စီ(C) ကြွယ်ဝပြီး ခန္ဓာကိုယ်ရဲ့ ကိုယ်ခံအားစနစ်ကို မြှင့်တင်ပေးနိုင်တာကြောင့် တုပ်ကွေးရောဂါလက္ခဏာတွေကို ရင်ဆိုင်ရတဲ့အခါမှာ ၎င်းတို့ကို စားသုံးပေးဖို့ကလည်း အရေးကြီးပါတယ်။ ဖျားနာနေချိန်မှာ စားဖို့သင့်လျှော်တဲ့ ဗီတာမင်စီ(C) ကြွယ်ဝတဲ့ သစ်သီးဝလံနဲ့ ဟင်းသီးဟင်းရွက်အချို့ကတော့

လိမ္မော်သီး၊ ကျွဲကောသီး၊ ကီဝီသီး၊ စတော်ဘယ်ရီသီး၊ ဘရိုကိုလီ(ပန်းဂေါ်ဖီစိမ်း)၊ အာလူး၊ အနီရောင် သို့မဟုတ် အစိမ်းရောင်ရှိသောငရုတ်ပွ တို့ပဲဖြစ်ပါတယ်။

(၅) ကြက်သွန်ဖြူ

ခုခံအားစနစ်ကို မြှင့်တင်ရာမှာလိုအပ်တဲ့ ဇင့်လို့ခေါ်တဲ့ သတ္တုဓာတ်တစ်မျိုးကို ခန္ဓာကိုယ်ကနေစုပ်ယူနိုင်ဖို့ ကြက်သွန်ဖြူက ကူညီပေးနိုင်ပါတယ်။ ကြက်သွန်ဖြူဟာ ဟင်းချိုနဲ့ ဟင်းရည်တွေမှာ အရသာမှုန့်အစားထိုး အနေနဲ့ အထည့်ဖို့အတွက်လည်း အကောင်းဆုံးနည်းလမ်းတစ်ခုဖြစ်ပါတယ်။

(၆) လိဖီးဂရင်း(စ်) (Leafy Greens) လိုခေါ်တဲ့အစိမ်းရောင်အရွက်များ

ဗီတာမင် အေ (A)၊ ဒီ (D) နဲ့ ‌ကေ (K) ကြွယ်ဝတဲ့ ဟင်းနုနယ်၊ ‌ဂေါ်ဖီနဲ့ ကိုက်လန်တို့လို အစိမ်းရောင် ကြွယ်ဝတဲ့အရွက်တွေဟာ ကိုယ်ခံအားစနစ်ကို မြှင့်တင်ပေးနိုင်တဲ့အပြင် ရောင်ရမ်းမှုလျှော့ချရာမှာလည်း အထောက်အကူပြုပါတယ်။

(၇) ဂျင်း (ချင်း)

ဂျင်းက အအေးမိ‌ဝေဒနာလက္ခဏာတွေထဲမှာ ကြုံတွေ့ရလေ့ရှိတဲ့ အော့အန်ခြင်း၊ ဝမ်းပျက်ခြင်းနဲ့ ဝမ်းလျှောခြင်း တွေကို သက်သာစေဖို့ ကူညီပေးနိုင်ပါတယ်။

(၈) စနွင်း (နနွင်း)

အကျိုးပြုအရည်အသွေးများစွာရှိတဲ့ နောက်ထပ်ဟင်းခတ်အမွှေးအကြိုင်တစ်မျိုးကတော့ စနွင်းဖြစ်ပါတယ်။ စနွင်းက ရောင်ရမ်းတာကို သက်သာစေပြီး ဟင်းချို၊ ဟင်းရည်တွေနဲ့ အခြားအစားအစာတွေအတွက် သင့်လျော်တဲ့ ဖြည့်စွက်စာတစ်ခုလည်းဖြစ်ပါတယ်။

(၉) ဗီတာမင် ဒီ (D) ကြွယ်ဝတဲ့ အစားအစာများ

ဗီတာမင် ဒီ (D) ကြွယ်ဝတဲ့ အစားအစာတွေစားသုံးခြင်းက ကိုယ်ခံအားစနစ်ကို ကောင်းမွန်စေပြီး ဖျားနာခြင်းကနေ ကာကွယ်နိုင်မှာဖြစ်ပါတယ်။ ဗီတာမင် ဒီ ကြွယ်ဝတဲ့ အစားအစာအချို့ကတော့ –

ငါးကြီးဆီ
ထရောက်ရေချိုငါး (Trout) ၊ ဆယ်လ်မွန်ငါး
ကြက်ဥအနှစ်
မှို
နွားနို့ ၊ဆိတ်နို့နဲ့ သိုးနို့
ဗီတာမင်နဲ့ မင်နရယ်‌တွေ ထပ်ပေါင်းထည့်ပြီး ထုတ်လုပ်ထားတဲ့ ကောက်နှံစပါး(oat)
ဗာဒံစေ့
ပဲနို့ 

(၁၀) အုပ်မီရယ် (oatmeal)

အုပ်မီရယ် ဟာ အစားအိမ်အနေနဲ့ အစာချေဖျက်ရလွယ်ကူတဲ့အစားအစာဖြစ်ပြီး နေမကောင်းဖြစ်နေချိန်မှာ အလွယ်တကူစားနိုင်တဲ့ အာဟာရဖြစ်အစားအစာဖြစ်ပါတယ်။ ကော်ပါး၊ ဆီလီနီယမ်၊ ဇင့်၊ သံဓာတ်၊ အမျှင်ဓာတ်နဲ့ ပရိုတင်းဓာတ်ကဲ့သို့သော အာဟာရဓာတ်မျိုးစုံပါဝင်တဲ့ Oatmeal ဟာ ကိုယ်ခံအားစနစ်ကို မြှင့်တင်ပေးရာမှာ ကူညီပေးပါတယ်။

တုပ်ကွေးဖြစ်နေချိန်မှာ ရှောင်ရှားသင့်တဲ့ အစားအသောက်(၅)မျိုး အကြောင်းကိုလည်း ဆက်လက်မျှဝေ ပေးပါရစေ…

(က) ပြုပြင်ထားသော အသင့်စားအစားအစားများ

အသင့်စားအစားအစာများ၊ ဆီကြော်အစားအစာများနဲ့ အဆီများတဲ့အစားအစာတွေဟာ အာဟာရ အနည်းငယ်မျှသာပါဝင်တဲ့အပြင် ဖျားနာတဲ့အချိန်မှာ ခန္ဓကိုယ်ကမရှိမဖြစ်လိုအပ်တဲ့ အာဟာရတွေကိုလည်း ပေးစွမ်းနိုင်မှာမဟုတ်ပါဘူး။ ဒါကြောင့် ဖျားနာနေစဥ်မှာ ပြုပြင်ထားတဲ့ အသင့်စားအစားအစာတွေကို ရှောင်ကျဉ်သင့်ပါတယ်။

(ခ) နို့ထွက်ပစ္စည်းများ

အချို့က နို့ထွက်ပစ္စည်းတွေ၊ ဒိန်ချဉ်တွေဟာ ဖျားနာခြင်းအတွက် အကျိုးပြုတဲ့ အာဟာရများစွာကို ပေးစွမ်းနိုင် တယ်လို့ ယုံကြည်ကြပါတယ်။ ဒါပေမယ့် နို့ထွက်ပစ္စည်းတွေဟာ အချွဲကျပ်ခြင်းကိုဖြစ်စေတယ် ဆိုတဲ့အချက်ကလည်း သတိပြုစရာပါပဲ။ ပုံမှန်ဖျားနာချိန်မှာ နို့ထွက်ပစ္စည်းတွေစားသုံးခြင်းက အဆင်ပြေတဲ့ အနေအထားဖြစ်ပေမယ့် အချွဲကျပ်နေချိန်နဲ့ အချွဲကျပ်တာဆိုးရွားလာတဲ့အခြေအနေမှာတော့ နို့ထွက်ပစ္စည်း မပါတဲ့ အခြားသောအာဟာရပြည့်ဝတဲ့အစားအစာတွေကို ရွေးချယ်စားသုံးလို့ရပါတယ်။

(ဂ) အရက်ယမကာများ

ရေသောက်တာဟာ တုပ်ကွေးရောဂါလက္ခဏာတွေကို ကိုင်တွယ်ဖြေရှင်းရာမှာ အလွန်အထောက်အကူပြု တဲ့အချက်ဖြစ်ပြီး တစ်ဖက်မှာလည်း ဖျားနာနေစဥ်အရက်သောက်တာက ရေဓာတ်ခန်းခြောက်တဲ့ ပြဿနာနဲ့ ကိုယ်ခံအားနည်းစေတဲ့ပြဿနာတွေအပြင် ရောဂါလက္ခဏာတွေကို ပိုမိုဆိုးရွားလာစေကာ ပြန်လည်နာလန်ထချိန် ကို ပိုပြီးရှည်ကြာစေပါတယ်။

(ဃ) ကဖင်းဓာတ်ပါဝင်သော အဖျော်ယမကာများ

အားဖြည့်အချိုရည်တွေနဲ့ ကဖင်းဓာတ်များတဲ့ကော်ဖီလိုမျိုး အဖျော်ယမကာတွေဟာ ဆီးရွှင်စေပြီး ခန္ဓာကိုယ် ရေဓာတ်ကိုထိန်းဖို့ရာ ခက်ခဲစေတာကြောင့် တုပ်ကွေးဖြစ်နေစဥ်မှာ ရှောင်ရှားသင့်ပါတယ်။

ကျန်းမာစေဖို့ အာဟာရမျှတစွာစားသုံးပြီး နေ့သစ်တိုင်းကို ရွှင်လန်းချမ်မြေ့စွာ‌ဖြတ်သန်းနိုင်ကြပါစေကြောင်း ဆုမွန်ကောင်းတောင်းလိုက်ပါတယ်။
“အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြလိုပါသည်” ရှင်မင်းသီ မှ ရေးသား

Telegram»…
https://t.me/positiveanglenews

PAN

SZ