အနောက်အုပ်စုများ အမြင်မကြည်သည့် မာဒူရို ဗင်နီဇွဲလားသမ္မတအဖြစ် အနိုင်ရကြောင်းကြေညာ

(နိုင်ငံတကာ)ဇူလိုင် ၂၉
ဗင်နီဇွဲလားသမ္မတရွေးကောက်ပွဲတွင် သမ္မတ နီကိုလက်စ် မာဒူရို အနိုင်ရကြောင်း မဲ ၈၀ ရာခိုင်နှုန်းရေတွက်မှုအပြီး ရွေးကောက်ပွဲကောင်စီက ကြေညာခဲ့ကြောင်းသိရသည်။
ဗင်နီဇွဲလားအတိုက်အခံများသည် ရွေးကောက်ပွဲကောင်စီ၏ ကြေညာချက်ကို လိမ်လည်မှုအဖြစ် ပယ်ချခဲ့ပြီး ရလဒ်ကိုစိန်ခေါ်မည်ဟု ကတိပြုခဲ့သည်။
အတိုက်အခံများသည် သမ္မတ မာဒူရိုအား ဖြုတ်ချရန် ပေါင်းစည်းခဲ့ကြပြီး အတိုက်အခံပါတီ၏ သမ္မတလောင်း အက်ဒ်မွန်ဒို ဂွန်ဇာလက်ကသာ ထောက်ခံမဲ ၇၀ ရာခိုင်နှုန်းဖြင့်အနိုင်ရပြီး မှန်ကန်သည့် ရွေးကောက်ခံသမ္မတဖြစ်ကြောင်း အခိုင်အမာကြေညာခဲ့သည်။
အနောက်နိုင်ငံများနှင့် မီဒီယာများမှ အစိုးရ လိမ်လည်လှည့်ဖြားမည်ကို စိုးရိမ်နေကြပြီး ရွေးကောက်ပွဲတွင် မာဒူရိုအစိုးရ၏ ကြိုးပမ်းမှုမှန်သမျှအား ဟန့်တားသွားမည်ဟု အတိုက်အခံများကဆိုသည်။
အမေရိကန် နိုင်ငံခြားရေးဝန်ကြီး အန်တိုနီ ဘလင်းကင်သည် အစိုးရသစ္စာခံများ လွှမ်းမိုးထားသည့် အမျိုးသား ရွေးကောက်ပွဲ ကောင်စီက ရလဒ်ကို ကြေညာပြီးနောက် ၎င်း၏ သံသယကို ထုတ်ဖော်ပြောဆိုခဲ့သည်။
ဗင်နီဇွဲလားတွင် မဲပေးခြင်းသည် အီလက်ထရွန်းနစ်ဖြစ်ပြီး မဲဆန္ဒရှင်များသည် မဲပေးသည့်စက်ပေါ်တွင် ၎င်းတို့၏ နှစ်သက်ရာ ကိုယ်စားလှယ်လောင်းအား သတ်မှတ်ထားသော ခလုတ်ကို နှိပ်ကာ မဲပေးကြခြင်းဖြစ်သည်။

PAN