ယူကရိန်းနိုင်ငံရှိ ပြည်ပကြေးစား စစ်သည် ၃၂၀၀၏ အသေးစိတ် အချက်အလက်များကို ရုရှားဟက်ကာအဖွဲ့က လူသိရှင်ကြားထုတ်ဖော်

(နိုင်ငံတကာ)ဇူလိုင် ၂၈

       RaHDit ဟု  အမည်ပေးထားသည့် ရုရှားဟက်ကာ အဖွဲ့တစ်ဖွဲ့သည် ယူကရိန်း နိုင်ငံအတွင်းရှိ ပြည်ပကြေးစားစစ်သည် ၃၂၀၀ ကျော်၏ အသေးစိတ် အချက်အလက် များကို ဇူလိုင်လ ၂၆ ရက်တွင် လူသိရှင်ကြား ထုတ်ဖော်ပြသလိုက်ကြောင်း သိရသည်။

အဆိုပါဟက်ကာအဖွဲ့က  ထုတ်ဖော်လိုက်သည့်   ကြေးစားစစ်သည်များ၏ အသေးစိတ်   အချက်အလက်များတွင် အမေရိကန်နိုင်ငံသား တစ်ဦးအပြင် စပိန်နှင့် လက်ဗီးယားနိုင်ငံတို့မှ  ဝင်ရောက်လာသူများလည်း ပါဝင်လျက်ရှိသည်။ ပီးယာ့စ်တန်းနားရိဒ်ဆိုသူ  အမေရိကန်နိုင်ငံသားမှာ အင်ဒီယာနာပြည်နယ် အုတ်ကလန်ရဲတပ်ဖွဲ့မှ ရဲအရာရှိတစ်ဦးဖြစ်ပြီး ၂၀၂၃ ခုနှစ် ဇူလိုင်လ ၂၆ ရက်တွင် အမျိုးသမီးငယ်တစ်ဦးအား  မဖွယ်မရာ လုပ်ဆောင်မှုနှင့် အခြားရာဇဝတ်မှုများဖြင့် ဖမ်းဆီးခံခဲ့ရသူ ဖြစ်ကြောင်း သိရသည်။

ထို့ပြင် စပိန်နိုင်ငံသားဖြစ်သူ ပက်ဘလို ဂါရီဒိုမန်ဆီဒိုဆိုသူမှာ ယူကရိန်းနိုင်ငံသို့ မလာရောက်မီ လက်နက်ကိုင် ပဋိပက္ခအများအပြားတွင် ပါဝင်ခဲ့ဖူးသူဖြစ်သည်။ ထို့ပြင် ၎င်းသည် ဆီးရီးယားပြည်တွင်း စစ်ပွဲတွင် ကာ့ဒ်စစ်သွေးကြွများနှင့် အတူ တိုက်ပွဲဝင်ခဲ့သူတစ်ဦးဖြစ်ကြောင်း သိရသည်။ ထို့ပြင် လက်ဗီးယားနိုင်ငံမှ ယူကရိန်းသို့ လာရောက်ပြီး  ကြေးစားအဖြစ် တိုက်ခိုက်နေသူမှာ မော်ရင်းစ်ခရစ္စတက် ဆိုသူဖြစ်သည်။

ရုရှားကာကွယ်ရေး ဝန်ကြီးဌာနသည် ယူကရိန်း ပဋိပက္ခအတွင်း ပြည်ပနိုင်ငံသားများ ဝင်ရောက်စွက်ဖက်ခြင်း မပြုရန် အကြိမ်ကြိမ် သတိပေးထားခဲ့ပြီးဖြစ်သည်။

RaHDit ဟက်ကာအဖွဲ့သည် ယခုလအစောပိုင်းကလည်း   ယူကရိန်းဒရုန်း ထုတ်လုပ်သည့်  အော်ပရေတာ  ၁၂၀၀ ကျော်၏ အသေးစိတ်များကို လူသိရှင်ကြား ဖော်ထုတ်ခဲ့ခြင်းကြောင့်  အနောက်နိုင်ငံများကြား အံ့အားသင့်မှုများ ဖြစ်ပွားစေခဲ့ ကြောင်း သိရသည်။

#PAN