ပါကစ္စတန်အနေဖြင့် သမိုင်းမှသင်ခန်းစာယူခြင်းမရှိဟု မိုဒီ‌ ပြော


(နိုင်ငံတကာ)ဇူလိုင် ၂၈

ပါကစ္စတန်နိုင်ငံသည် အကြမ်းဖက်ဝါဒကို ထောက်ပံ့ပေးခြင်းအားဖြင့် သမိုင်းမှသင်ခန်းစာယူခြင်း မရှိကြောင်း အိန္ဒိယဝန်ကြီးချုပ် နာရန်ဒရာမိုဒီ ကပြောသည်။
ဟိမဝန္တာရှိ ကာဂေဒေသ၌ အိန္ဒိယနှင့် ပါကစ္စတန်တို့ကြား တိုက်ခိုက်မှုဖြစ်ပွားသည့် ၂၅ နှစ်မြောက် နှစ်ပတ်လည်နေ့အခမ်းအနားတွင် မိုဒီ က ယခုကဲ့သို့ပြောခြင်းဖြစ်သည်။
ကာဂေဒေသ၌ ဖြစ်ပွားသော တိုက်ခိုက်မှုများအတွက် ပါကစ္စတန်တွင် တာဝန်ရှိကြောင်း၊ အိန္ဒိယက ငြိမ်းချမ်းရေးအတွက် ကြိုးပမ်းနေစဉ် ပါကစ္စတန်က မယုံရလောက်သည့် မျက်နှာကို ပြသခဲ့ခြင်း ဖြစ်ကြောင်းနှင့် ပါကစ္စတန်နိုင်ငံသည် အကြမ်းဖက်ဝါဒနှင့် ကြားခံစစ်များကို အသုံးပြုနေကြောင်း မိုဒီ က ပြောသည်။
ထို့ပြင် မကောင်းဆိုးဝါးက မည်သည့်အမှုကိုလုပ်သည်ဖြစ်‌စေ ထိုအရာ၏နောက်ကွယ်တွင် ပါကစ္စတန်နိုင်ငံရှိကြောင်း၊ အကြိမ်တိုင်းမှာလည်း အောင်မြင်မှုမရခဲ့ကြောင်း၊ သို့သော် ပါကစ္စတန်နိုင်ငံ သည် ယင်းကဲ့သို့သော သမိုင်းကြောင်းမှ သင်ခန်းစာမယူခဲ့ကြောင်းနှင့် အိန္ဒိယ၏ ရဲဝံ့စွန့်စားသော တပ်ဖွဲ့များသည် အကြမ်းဖက်ဝါဒကို ချေမှုန်းသွားမည်ဖြစ်ကြောင်း ၎င်းကဆက်ပြောသည်။
အိန္ဒိယနိုင်ငံနှင့် ပါကစ္စတန်နိုင်ငံတို့သည် ဂျမူနှင့် ကက်ရှမီးယားဒေသပိုင်နက် အငြင်းပွားလျက် ရှိပြီး ပါကစ္စတန်ဘက်က အကြမ်းဖက်သမားများကို မွေးမြူထောက်ပံ့ကာ အိန္ဒိယနိုင်ငံပိုင်နက်အတွင်း တိုက်ခိုက်မှုများ မကြာခဏ လုပ်ဆောင်နေကြောင်း မိုဒီ က ပြောကြားခဲ့သည်။
#PAN