မိုးသည်းထန်စွာရွာသွန်းမှုနှင့် မြစ်ရေများတိုးလာမှုကြောင့် ပဲခူးတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်များတွင် ရေကြီးမှုဖြစ်ပွားနေ


(ပြည်တွင်း) ဇူလိုင်၂၇

ဇူလိုင်လ ၂၃ ရက်နေ့မှစတင်၍ မိုးသည်းထန်စွာ အဆက်မပြတ် ရွာသွန်းမှုနှင့် မြစ်ရေများမြင့်တက်လာမှုကြောင့် ပဲခူးတိုင်းဒေသကြီးအတွင်းရှိ ပဲခူးမြို့နယ်၊ ရွှေကျင် မြို့နယ်၊ ညောင်လေးပင်မြို့နယ် ၊ ကျောက်ကြီးမြို့နယ် ၊ ကျောက်တံခါးမြို့နယ်များရှိ လူနေရပ်ကွက်များ ကျေးရွာအုပ်စုများအတွင်းသို့ ရေများဝင်ရောက်လာမှု ကြောင့် ရန်ကုန်-မန္တလေးကားလမ်းဟောင်းရေကျော်ခြင်း၊ စာသင်ကျောင်းများပိတ်ထားရခြင်း၊ လူနေအိမ်များ ရေလွှမ်းခြင်း/ရေနစ်မြှပ်ခြင်း၊ စိုက်ပျိုးထားသော သီးနှံများရေနစ်မြှပ်ခြင်း တို့ဖြစ်ပွားလျှက်ရှိသည်။

ပဲခူးတိုင်းဒေသကြီး(အရှေ့ပိုင်း)ရှိ ပဲခူးမြစ် စစ်တောင်းမြစ်၊ ရွှေကျင်ချောင်းများမှ တစ်ဆင့်ရေများဝင်ရောက်ခဲ့ခြင်းဖြစ်ပြီး အဆိုပါမြစ်ရေများမှာ ယနေ့ နေ့လည် တိုင်းထွာချက်များအရ သက်ဆိုင်ရာမြို့နယ်အသီးသီး၏ စိုးရိမ်ရေအမှတ်များအား ကျော်လွန်လျှက်ရှိပြီး ရေတိုးမြင့်လာခြင်းမှာ ရပ်တန့်ခြင်းမရှိသေးပဲ ရေဘေးသင့် ပြည်သူများအနေဖြင့် ရေဘေးလွတ်ရာ မိမိပက်ဝန်းကျင်အနီးရှိ ဘုန်းတော်ကြီးကျောင်းများ ၊ ဓမ္မာရုံများ၊ စာသင်ကျောင်းများတွင် သွားရောက်နေထိုင် နေကြောင်း သိရသည်။

ရန်ကုန်-မန္တလေးကားလမ်းဟောင်းသည် ပဲခူးမြို့နှင့် ကျောက်တံခါးမြို့နယ် တောကျွဲအင်းမြို့တို့တွင် ရေများဖြတ်ကျော်ကျလျှက်ရှိပြီး တောကျွဲအင်းမြို့တွင် ရေစီး ကြမ်းမှုကြောင့် လမ်းနှင့် တံတားများကျိုးကျပျက်ဆီးနေကြောင်းသိရသည်။ ပဲခူးမြို့တွင်မှု ယနေ့ နေ့လည်အထိရေဘေးကယ်ဆယ်ရေး စခန်းသတ်မှတ်ဖွင့်လှစ်ထားခြင်း မရှိသေးကြောင်းသိရသည်။

ရွှေကျင်မြို့နှင့် မဒေါက်မြို့တို့တွင်လည်း စစ်တောင်းမြစ်ရေနှင့် ရွှေကျင်ချောင်းရေမှာ ဆက်လက်မြင့်တက်နေဆဲဖြစ်ကြောင်းသိရသည်။ ကျောက်ကြီးမြို့နယ်တွင်မူ ကျောက်ကြီးချောင်းနှင့် စစ်တောင်းမြစ်ရေကြောင့် ကျောက်ကြီးမြို့နှင့် ကျေးရွာ/ အုပ်စုများအတွင်းရေများဝင်ရောက်လျှက်ရှိသည်။

တိုင်းဒေသကြီးအတွင်းရှိစာသင်ကျောင်းများ ပိတ်ထားမှုအရေအတွက်ကိုမူ စာရင်းကောက်ယူနေဆဲဖြစ်ကြောင်း သိရသည် ။ ဇူလိုင်လ(၂၇) မွန်းလွဲ (၂:၃၀)အချိန် တိုင်းထွာချက်များအရ ပဲခူးမြို့တွင် ပဲခူးမြစ်ရေသည် (၉၄၁) စင်တီမီတာသို့ရောက်ရှိနေပြီး ပဲခူးမြို့၏စိုးရိမ်ရေအမှတ်မှာ (၈၈၀)စင်တီမီတာဖြစ်ပါသည်။

Telegram»…
https://t.me/positiveanglenews

PAN

KL #SZ