ရင်းနှီးမြှုပ်နှံသူများအတွက် ရွှေဗီဇာအစီအစဉ်တစ်ရပ် အင်ဒိုနီးရှားစတင်


(နိုင်ငံတကာ) ဇူလိုင် ၂၆

အင်ဒိုနီးရှားနိုင်ငံသည် ပြည်ပရင်းနှီးမြှုပ်နှံသူများကို ဆွဲဆောင်ရေးအတွက် ရွှေဗီဇာအစီအစဉ်တစ်ရပ်ကို ဇူလိုင်လ ၂၅ ရက်တွင် စတင်ခဲ့ကြောင်း သိရသည်။

အဆိုပါ နှစ်ရှည်ဗီဇာအစီအစဉ်အရ ပြည်ပရင်းနှီးမြှုပ်နှံသူများအတွက် ငါးနှစ်သက်တမ်းရှိရွှေဗီဇာနှင့် ၁၀ နှစ်သက်တမ်းရှိရွှေဗီဇာတို့ကို ထုတ်ပေးမည်ဖြစ်ကြောင်း အင်ဒိုနီးရှား သမ္မတ ဂျိုကိုဝီဒိုဒိုက ထုတ်ဖော်ပြောကြားထားသည်။

ငါးနှစ်သက်တမ်းရှိ ရွှေဗီဇာကို ရယူမည်ဆိုပါက ရင်းနှီးမြှုပ်နှံ သူများအနေဖြင့် အမေရိကန်ဒေါ်လာ ၂ ဒသမ ၅ သန်းထိတန်ဖိုးရှိမည့် ကုမ္ပဏီတစ်ခု တည်ထောင်ရန်လိုအပ်မည် ဖြစ်ကြောင်း သိရသည်။

ထိုနည်းတူ ၁၀ နှစ်သက်တမ်းရှိ ရွှေဗီဇာကို ရယူမည်ဆိုပါက ရင်းနှီးမြှုပ်နှံသူများအနေဖြင့် အမေရိကန် ဒေါ်လာ ငါးသန်းထိ ရင်းနှီးမြှုပ်နှံမှုပြုလုပ်ရမည် ဖြစ်သည်။

ထို့ပြင် ကုမ္ပဏီမထောင်ဘဲ ရွှေဗီဇာနှစ်မျိုး သီးခြားရယူ လိုသူများအနေဖြင့် ငါးနှစ်သက်တမ်းရှိရွှေဗီဇာကို ရယူရန် အမေရိကန်ဒေါ်လာ ၃၅၀,၀၀၀ ရှိထားရမည်ဖြစ်ပြီး ၁၀ နှစ်သက်တမ်းရှိရွှေဗီဇာအတွက် အမေရိကန်ဒေါ်လာ ၇၀၀,၀၀၀ အထိ ရှိထားရမည်ဖြစ်သည်။

ယင်းငွေကြေးများ ကို အင်ဒိုနီးရှားအစိုးရ၏ငွေချေးစာချုပ်များ အများပိုင်ကုမ္ပဏီအစုရှယ်ယာများ ဝယ်ယူရာတွင် သုံးစွဲရမည်ဖြစ်ကြောင်း ဆင်ဟွာသတင်းဌာန ဖော်ပြချက်အရ သိရသည်။

Telegram»…
https://t.me/positiveanglenews

PAN

#SZ