ညစ်ညမ်းမေးခွန်းများ လိုက်လံမေးမြန်း ထုတ်လွှင့်ပြသသူတို့ နှင့် “မောင်လေးစုပ်” တေးသီချင်းဗီဒီယို ရိုက်ကူးထုတ်လွှင့်ပြသခဲ့ သူတို့အား ဥပဒေနှင့်အညီ အမှုဖွင့်ဆောင်ရွက်


(ပြည်တွင်း) ဇူလိုင် ၂၆

အမျိုးသားယဉ်ကျေးမှုကို ထိခိုက်စေပြီး အရှက်သိက္ခာကင်းမဲ့စွာ ရိုက်ကူးထုတ်လွှင့်ပြသခဲ့သည့် “မောင်လေးစုပ်”တေးသီချင်းဗီဒီယို၏ စီစဉ်သူဒါရိုက်တာ ရွှေလက်အောင်မင်းနှင့် အမျိုးသား အမျိုးသမီးများအား ညစ်ညမ်း မေးခွန်းများကို လိုက်လံမေးမြန်း၍ လူမှုကွန်ရက်စာမျက်နှာများ၌ ထုတ်လွှင့်ပြသသူ Nyein Chan Htet Aung အပါအဝင် သက်ဆိုင်သူတို့အား ဥပဒေနှင့်အညီ အမှုဖွင့်ဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။

ပြန်ကြားရေးဝန်ကြီးဌာနသည် ရုပ်ရှင်နှင့် ဗီဒီယိုဇာတ်ကားများ ရိုက်ကူးထုတ်လွှင့်ပြသရေးနှင့် ပတ်သက်၍ ၁၉၉၆ ခုနှစ် ရုပ်ရှင်ဥပဒေနှင့် ၁၉၉၆ ခုနှစ် ရုပ်မြင်သံကြားနှင့် ဗီဒီယိုဥပဒေများနှင့်အညီ ကြီးကြပ်ဆောင်ရွက် လျက်ရှိ‌ကြောင်း သိရှိရသည်။

အချိုသော တေးသီချင်းဗီဒီယို ရိုက်ကူး ထုတ်လွှင့်သူများသည် ထင်ပေါ်ကျော်ကြားမှု ရရှိစေရန်အတွက် မြန်မာ့ယဉ်ကျေးမှုနှင့် ဖီလာဆန့်ကျင်ပြီး မောင်နှမသားချင်း၊ မိသားစုဝင်ချင်း အတူတကွ နားထောင်ကြည့်ရှုရန်ပင် မသင့်လျော်သော၊ ဟီရိဩတ္တပ္ပတရားကင်းမဲ့သော ရိုက်ကူးထုတ်လွှင့် ပြသမှုများကို လူမှုကွန်ရက်စာမျက်နှာများတွင် ဆောင်ရွက်နေကြသည်ကို တွေ့ရှိပါသဖြင့် လူမှု ကွန်ရက်စာမျက်နှာများအပါအဝင် မြန်မာ့ယဉ်ကျေး မှုကိုဆန့်ကျင်သော၊ ညစ်ညမ်းသော အပြောအဆို၊ အပြုအမူများပါဝင်သည့် ရိုက်ကူးထုတ်လွှင့်ဖော်ပြ မှုများနှင့် ပတ်သက်၍ ထုတ်လုပ်သူ၊ စီစဉ်ရိုက်ကူးသူ၊ သရုပ်ဆောင်များအား တည်ဆဲဥပဒေများနှင့်အညီ အရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတိ ပေးတားမြစ်ခဲ့ပြီး ဖြစ်ပါသည်။

ယခုအခါ အမျိုးသားယဉ်ကျေးမှုကို ထိခိုက်စေ ပြီး အရှက်သိက္ခာကင်းမဲ့စွာ ရိုက်ကူးထုတ်လွှင့် ပြသခဲ့သည့် “မောင်လေးစုပ်” တေးသီချင်းဗီဒီယို၏ စီစဉ်သူဒါရိုက်တာ ရွှေလက်အောင်မင်းကို ရန်ကုန်မြို့ ၊ ဗဟန်းမြို့မ ရဲစခန်းတွင် အီလက်ထရောနစ် ဆက်သွယ်ဆောင်ရွက်ရေး ဥပဒေပုဒ်မ ၃၃ (က)ဖြင့် အမှုဖွင့်ဆောင်ရွက်ထားရှိကြောင်း သိရှိရသည်။

ထိုပြင် လိင်ဆက်ဆံမှုဆိုင်ရာ ညစ်ညမ်းမေးခွန်းများကို အမျိုးသား အမျိုးသမီးများအား လိုက်လံမေးမြန်း၍ အီလက်ထရောနစ် ဆက်သွယ်ရေးနည်းပညာ အသုံးပြုကာ လူမှုကွန်ရက်စာမျက်နှာများတွင် ရိုက်ကူးထုတ်လွှင့် ပြသခဲ့သည့် Nyein Chan Htet Aung အပါအဝင် သက်ဆိုင်သူများကို အီလက်ထရောနစ် ဆက်သွယ်ဆောင်ရွက်ရေးဥပဒေပုဒ်မ ၃၃ (က)ဖြင့် ရန်ကုန်မြို့၊ မရမ်းကုန်းမြို့မရဲစခန်း၌ သက်ဆိုင်ရာက အမှုဖွင့်လှစ်ထားရှိပြီး ကြောင်း သိရှိရသည်။

သို့ပါ၍ ရုပ်ရှင်နှင့် ဗီဒီယိုကားများ၊ တေးသီချင်း ဗီဒီယိုများ ရိုက်ကူးထုတ်လွှင့်ရာတွင် မြန်မာ့ ယဉ်ကျေးမှုနှင့် ဖီလာဆန့်ကျင်ပြီး ဟီရိဩတ္တပ္ပ တရားကင်းမဲ့သည့် ပြောဆိုမှုများ၊ ရိုက်ကူး ထုတ်လွှင့်မှုများမပြုကြပါရန်နှင့် လိုက်နာဆောင် ရွက်ခြင်းမရှိပါကတည်ဆဲဥပဒေများနှင့်အညီ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း အသိ ပေးကြေညာ ထားကြောင်း သိရှိရသည်။

Telegram»…
https://t.me/positiveanglenews

PAN

SZ