အစ္စရေးက မည်သည့်နေရာတွင်မဆို ရှိနေသည့် ရန်သူများကို တိုက်ခိုက်နိုင်သည်အထိ လက်တံရှည်သည်ဟု နေတန်ယာဟု ပြော


(နိုင်ငံတကာ) ဇူလိုင် ၂၂

အစ္စရေးနိုင်ငံသည် မည်သည့်နေရာတွင်မဆို ရှိနေသည့် ရန်သူများကို တိုက်ခိုက်နိုင်သည်အထိ လက်တံရှည်ကြောင်းနှင့် ယီမင်နိုင်ငံအပေါ် တိုက်ခိုက်ခြင်းက နမူနာတစ်ခုပင်ဖြစ်ကြောင်း အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ယာဟု က ပြောသည်။

အစ္စရေးတပ်မတော်သည် ယီမင်နိုင်ငံ ဟိုဒေးဒါဆိပ်ကမ်းကို ပစ်မှတ်ထားသည့် လေကြောင်းတိုက်ခိုက်မှုတစ်ခုကို ဇူလိုင်လ ၂၀ ရက်တွင် လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။

အဆိုပါ တိုက်ခိုက်မှုကြောင့် ဆိပ်ကမ်းရှိ စက်သုံးဆီသိုလှောင်ရာနေရာတွင် မီးလောင်မှုကြီးများဖြစ်ပွားပြီး အနည်းဆုံး လူအယောက် ၈၀ ခန့် ဒဏ်ရာရရှိကြောင်း ယီမင်ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

အစ္စရေး တပ်မတော်အနေဖြင့် နိုင်ငံ၏နယ်စပ်မှ ကီလိုမီတာ ၁,၇၀၀ ကျော်ကွာဝေးသည့် နေရာသို့သွားရောက်၍ တိုက်ခိုက်မှုများလုပ်ဆောင်နိုင်ခြင်း အတွက် ဂုဏ်ယူကြောင်းနှင့် ထိုတိုက်ခိုက်မှုသည် အစ္စရေးနိုင်ငံ၏ ရန်သူများကို ပြတ်ပြတ်သားသားသတိပေးခြင်း ဖြစ်ကြောင်း နေတန်ယာဟု က ပြောသည်။

တိုက်ခိုက်ခံရသည့် ဆိပ်ကမ်းသည် အပြစ်ကင်းသည့်နေရာမဟုတ်ကြောင်း၊ စစ်ရေးရည်ရွယ်ချက်အတွက် အသုံးပြုနေသည့်နေရာဖြစ်ကြောင်း၊ အီရန် က ဟူသီသူပုန်များကို လက်နက်များထောက်ပံ့ပေးရာတွင် ထို ဆိပ်ကမ်း ကို ဝင်ပေါက်အဖြစ် အသုံးပြုနေခြင်းဖြစ်ကြောင်း နေတန်ယာဟု က ဆက်ပြောသည်။

ထို့ပြင် အဆိုပါ တိုက်ခိုက်မှုသည် ဇူလိုင်လ ၁၉ ရက်တွင် တဲအဗစ်မြိုရှိ အမေရိကန်ကောင်စစ်ဝန်ရုံးအနီး လူတစ်ဦးသေဆုံးကာ အများအပြားဒဏ်ရာ ရရှိခဲ့သည့် ဒရုန်းတိုက်ခိုက်မှုအပေါ် လက်တုံပြန်ခြင်းဖြစ်ကြောင်း နေတန်ယာဟု က အလေး ပေး ပြောသည်။

ယီမင်နိုင်ငံရှိ နယ်မြေဒေသအများအပြားကို ထိန်းချုပ်ထားသော ဟူသီအဖွဲ့က ဒေသတွင်း သွားလာနေသည့် အမေရိကန်၊ အစ္စရေးတိုနှင့် ဆက်စပ်ကုန်တင်သင်္ဘောများကို တိုက်ခိုက်မှုများလုပ်နေခြင်း ဖြစ် သည်ဟု RT သတင်းဌာနတွင် ဖော်ပြထားသည်။

Telegram»…
https://t.me/positiveanglenews

PAN

#SZ