ဘင်္ဂလားဒေ့ရှ်၌ အပြင်မထွက်ရအမိန့် တည်မြဲစေရန် စစ်သည်များကင်းလှည့်ပေးနေ


(နိုင်ငံတကာ) ဇူလိုင် ၂၁

ဘင်္ဂလားဒေ့ရှ်နိုင်ငံ၌ ဖြစ်ပေါ်နေသည့် ဆူပူအုံကြွမှုများကို ထိန်းသိမ်းနိုင်ရန်အတွက် အစိုးရက အပြင်မထွက်ရအမိန့် ထုတ်ပြန်ထားရာ ထိုအမိန့်တည်မြဲစေရန် စစ်သည်များက ကင်းလှည့်ပေးနေကြောင်း သိရသည်။

အစိုးရ၏ အလုပ်အကိုင်ခွဲတမ်းအပေါ် ကျောင်းသားများဦးဆောင်၍ ဆူပူဆန္ဒပြမှုများ လုပ်ဆောင်ခြင်းကို ထိန်းသိမ်းနိုင်ရန် တာဝန်ရှိသူများက ဇူလိုင်လ ၁၉ ရက်တွင် အပြင်မထွက်ရအမိန့်ကို ထုတ်ပြန်ထားခြင်းဖြစ်သည်။

ယခုသီတင်းပတ်အတွင်း အဆိုပါဆူပူဆန္ဒပြမှုများကြောင့် သေဆုံးသူအနည်းဆုံး ၁၀၅ ဦးရှိကာ ထောင်ပေါင်းများစွာ ဒဏ်ရာရရှိထားသည်။ ထိုပြင် ဘင်္ဂလားဒေ့ရှ် တာဝန်ရှိသူများသည် နိုင်ငံအတွင်း အင်တာနက် လိုင်းများဖြတ်တောက်ပြီး စာသားမက်ဆေ့ ပေးပိုမှုများကိုလည်း တားမြစ်ထားသည်။

အစိုးရ၏ အလုပ်အကိုင်ခွဲတမ်းတွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ပါကစ္စတန်နိုင်ငံလက်အောက်မှ လွတ်မြောက်အောင် တိုက်ခိုက်ပေးခဲ့သူများ၏ မိသားစုဝင်များအတွက် အလုပ်အကိုင်နေရာ ၃၀ ရာခိုင်နှုန်း ထည့်သွင်းထားမှုအပေါ် ကျောင်းသားများက မကျေနပ်ဘဲဆန္ဒပြရာမှ ယခုကဲ့သို ဆူပူအုံကြွမှုများ ဖြစ်လာခြင်းဖြစ်သည်။

ထို့ကြောင့် ရဲတပ်ဖွဲ့ဝင်များက ဆူပူအုံကြွမှုများကို ဖြိုခွဲနိုင်ရေးအတွက် မျက်ရည်ယိုဗုံးများ၊ အသံ လက်ပစ်ဗုံးများ ပစ်ခတ်ခဲ့ရပြီး ဆန္ဒပြသူများနှင့် ရဲတပ်ဖွဲ့ဝင်များကြား အပြန်အလှန်တိုက်ခိုက်မှုများလည်း ဖြစ်ပွားခဲ့သည်။

ယခုဆန္ဒပြမှုသည် ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ် ရှိတ်ဟာဆီနာ အနေဖြင့် စတုတ္ထမြောက်သက်တမ်းအတွက် ထပ်မံရွေးချယ်ခံရပြီးနောက် အကြီးမားဆုံးဖြစ်သည်။

အလားတူ လူဦးရေ သန်း ၁၇၀ ရှိသည့်အနက် ငါးပုံတစ်ပုံသော လူငယ်များက အလုပ်လက်မဲ့ ဖြစ်နေသောကြောင့် အစိုးရ၏ အလုပ်အကိုင်ခွဲတမ်းမူဝါဒအပေါ် ဆန္ဒပြသူများ ပိုမိုများပြားလာခြင်းဖြစ်ကြောင်း သိရသည်။

Telegram»…
https://t.me/positiveanglenews

PAN

SZ