“နည်းပညာချွတ်ယွင်းမှုကြောင့် တစ်ကမ္ဘာလုံးရှိ စီးပွားရေးလုပ်ငန်းများ ထိခိုက်ခဲ့သော်လည်း နိုင်ငံအတွင်းရှိ အခြေခံအဆောက်အဦများ ထိခိုက်ခြင်းမရှိကြောင်း ရုရှားပြော” 

(နိုင်ငံတကာ)ဇူလိုင် ၂၀

မိုက်ခရိုဆော့ဖ်ကုမ္ပဏီတွင် နည်းပညာချွတ်ယွင်းမှုကြောင့် တစ်ကမ္ဘာလုံးရှိ ဘဏ်များ၊ လေဆိပ်များ၊ ကမ္ဘာ့ မီဒီယာကြီးများနှင့် စီးပွားရေးလုပ်ငန်းများ၌ လုပ်ငန်းလည်ပတ်မှုများ ပြတ်တောက်သွားပြီး ထိခိုက်ခဲ့သော်လည်း ရုရှားအခြေခံအဆောက်အဦများမှာ ထိခိုက်မှုမရှိကြောင်း မီဒီယာတစ်ခုက ဖော်ပြသည်။ နည်းပညာချွတ်ယွင်းမှု သည် ဆိုက်ဘာလုံခြုံရေးအတွက် အဆင့်မြှင့်တင်မှုကြောင့် ဖြစ်ပွားခဲ့ရခြင်းဖြစ်ပြီး ထိုသို့အဆင့်မြှင့်တင်မှု လုပ်ဆောင်စဉ် ကွန်ရက်နှင့် ချိတ်ဆက်ထားသည့် ဆာဗာများနှင့် ကွန်ပျူတာအားလုံး ချိတ်ဆက်မှု ပြတ်တောက် သွားခြင်းဖြစ်ကြောင်း၊ ရုရှားနိုင်ငံရှိ အခြေခံအဆောက်အဦများမှာမူ ထူးထူးခြားခြား ပြတ်တောက်မှုနှင့် ကြုံတွေ့ခဲ့ ရခြင်းမရှိကြောင်း ရုရှားလေကြောင်းလိုင်းတစ်ခုဖြစ်သည့် Red Wings မှ ထုတ်ပြန်သည့် ကြေညာချက်တွင် ဖော်ပြ ထားသည်။  မိုက်ခရိုဆော့ဖ်ကုမ္ပဏီတွင် ဆိုက်ဘာလုံခြုံရေးအတွက် အဆင့်မြှင့်တင်မှုကြောင့် လည်ပတ်မှုများ ပြတ်တောက်ခဲ့ရသည့် ကုမ္ပဏီများတွင် အမေရိကန် Delta လေကြောင်းလိုင်း၊ အမေရိကန်လေကြောင်းလိုင်းတို့ ပါဝင်ပြီး ဆက်သွယ်ရေးလိုင်းများ ပြတ်တောက်သွားခြင်းကြောင့် အဆိုပါ လေကြောင်းလိုင်းများမှ တာဝန်ရှိသူ များက ၎င်းတို့၏ ခရီးစဉ်များကို ရပ်ဆိုင်းခဲ့ရကြောင်းသိရသည်။ ထို့ပြင် အလက်စကာ၊ အိုဟိုင်းယိုး၊ အရီဇိုးနားနှင့် အခြားပြည်နယ်များတွင်လည်း ဆက်သွယ်ရေးစနစ်များ ပြတ်တောက်ခဲ့ခြင်းကြောင့် ဒေသခံများက အာဏာပိုင် အဖွဲ့သို့ အရေးပေါ်အကူအညီတောင်းခံမှုများ လုပ်ဆောင်ခဲ့ရသည်။ အလားတူပင် ဗြိတိန်နိုင်ငံ၏ အကြီးဆုံး မီးရထားပို့ဆောင်ရေး အော်ပရေတာကြီးဖြစ်သည့် Govia Thameslink Railway တွင်လည်း ဆက်သွယ်ရေး ပြတ်တောက်မှုဖြစ်ပွားခြင်းကြောင့် မီးရထားခရီးစဉ်ကို ရပ်ဆိုင်းရဖွယ်ရှိကြောင်း ထုတ်ပြန်ထားသည်။ အိန္ဒိယ လေကြောင်းလိုင်းတစ်ခုဖြစ်သည့် IndiGo တွင်လည်း ဆက်သွယ်ရေး ပြတ်တောက်မှုနှင့် ကြုံတွေ့ခဲ့ရကြောင်း အဆိုပါလေကြောင်းလိုင်းက ဇူလိုင်လ ၁၉ ရက်တွင် ထုတ်ပြန်ထားကြောင်း တွေ့ရသည်။

#PAN