တောင်ကိုရီးယားက ဟိုက်ဒရိုဂျင်စွမ်းအင်သုံး ကမ္ဘာ့ပထမဆုံးအိမ်ရာကို အကောင်အထည်ဖော်နိုင်

(နည်းပညာ)ဇူလိုင် ၂၀

တောင်ကိုရီးယားနိုင်ငံက ဟိုက်ဒရိုဂျင်စွမ်းအင်အသုံးပြုသည့် ကမ္ဘာ့ပထမဆုံးအိမ်ရာကို အူဆန်မြို့၌ အကောင်အထည်ဖော်လိုက်နိုင်ပြီဖြစ်ကြောင်း သိရသည်။

တိုက်ခန်းပေါင်း ၄၃၇ ခန်းပါဝင်သည့် Yuldong-With-U အိမ်ရာသည် လိုအပ်သော လျှပ်စစ်မီးနှင့် အပူပေး စနစ်တို့ကို ဟိုက်ဒရိုဂျင် လောင်စာပြားများမှတစ်ဆင့် ရာနှုန်းပြည့် ရယူအသုံးပြုထားနိုင်ခြင်း ဖြစ်သည်။

အဆိုပါအစီအစဉ်ကို   တစ်လကြာစမ်းသပ်လျက်ရှိပြီး   မကြာမီအချိန်တွင် ထိုစွမ်းအင်များမှတစ်ဆင့် ရယူသော လျှပ်စစ်မီးနှင့် အပူပေးစနစ်တို့အတွက် ကျသင့်ငွေများကို သတ်မှတ်ဆုံးဖြတ်သွားမည် ဖြစ်သည်။

ဇွန်လအတွင်း  Yuldong-With-U အိမ်ရာက အသုံးပြုသော လျှပ်စစ်ပမာဏသည် မဂ္ဂါဝပ်နာရီ ၈၄၀ ရှိပြီး သမားရိုးကျအားဖြင့် ထိုပမာဏအတွက် ဝမ်သန်း ၁၅၀ ကျသင့်မည်ဖြစ်သည်။

အိမ်ရာအတွက် ဟိုက်ဒရိုဂျင်စွမ်းအင်မှတစ်ဆင့် လျှပ်စစ်နှင့်အပူပေးစနစ်တို့ကို အိမ်ရာမှမီတာ ၂၀၀ အကွာရှိ  Yuldong အပူနှင့်ဓာတ်အားပေးစက်ရုံမှ  ရယူထားခြင်းဖြစ်သည်။

ယခုအစီအစဉ်သည် မြို့ပြပတ်ဝန်းကျင်တွင် ဂေဟစနစ်နှင့်အညီနေထိုင်နိုင်ရေးအတွက် ရာနှုန်းပြည့် ကာဗွန် ထုတ်လွှတ်မှုကင်းစင်သော အိမ်ရာများကို ဖော်ဆောင်မှု၏ တစ်စိတ်တစ်ဒေသဖြစ်ကြောင်း  သိရသည်။

#PAN