“ကုလကအလိုရှိနေပြီး အိုစမာဘင်လာဒင်နှင့် နီးစပ်သည့် အယ်လ်ကိုင်ဒါ စစ်သွေးကြွခေါင်းဆောင်တစ်ဦးကို ပါကစ္စတန်ဖမ်းဆီး”


(နိုင်ငံတကာ)ဇူလိုင်၂၀

ကုလသမဂ္ဂအဖွဲ့က အလိုရှိနေသည့် အယ်လ်ကိုင်ဒါစစ်သွေးကြွအဖွဲ့မှ ခေါင်းဆောင်တစ်ဦးကို ဖမ်းဆီး နိုင်ခဲ့ ကြောင်း ပါကစ္စတန်အကြမ်းဖက်မှုတိုက်ဖျက်ရေးတပ်ဖွဲ့က ဇူလိုင်လ ၁၉ ရက်တွင် ပြောသည်။ ယခု ဖမ်းဆီးခံထား ရသည့် စစ်သွေးကြွခေါင်းဆောင် အာမင်အူဟတ် သည် အမေရိကန်၌ ၉/၁၁ အကြမ်းဖက်မှုကို ကြိုးကိုင်စီမံခဲ့သည့် အိုစမာဘင်လာဒင်နှင့် နီးစပ်သူဖြစ်သည်။ အာမင်အူဟတ် သည် ပန်ဂျပ်ပြည်နယ်အတွင်းရှိ အရေးကြီး အဆောက် အအုံများကို အကြမ်းဖက်တိုက်ခိုက်ရန် စီစဉ်လျက်ရှိသည်ဟု ပါကစ္စတန်က စွပ်စွဲထားသည်။ သို့သော် ၎င်းအနေ ဖြင့် မည်သည့်အဆောက်အအုံများကို တိုက်ခိုက်ရန် စီစဉ်ထားကြောင်းကို အသေးစိတ်မသိရသေးပေ။
ပါကစ္စတန် အကြမ်းဖက်မှုတိုက်ဖျက်ရေးတပ်ဖွဲ့သည် အာမင်အူဟတ် အား ဖမ်းဆီးနိုင်ရန်အတွက် ထောက်လှမ်းရေးအေဂျင်စီများနှင့် ပူးပေါင်းဆောင်ရွက်ခဲ့ရကြောင်း အကြမ်းဖက်မှုတိုက်ဖျက်ရေးတပ်ဖွဲ့မှ ပြောရေး ဆိုခွင့်ရှိသူတစ်ဦးက ပြောသည်။ ကုလသမဂ္ဂအဖွဲ့က အာမင်အူဟတ် အား ၎င်းတို့အလိုရှိသည့် IS နှင့် အယ်လ် ကိုင်ဒါ စစ်သွေးကြွအဖွဲ့ဝင်များ စာရင်းအတွင်းသို့ ၂၀၀၁ ခုနှစ်ကတည်းက ထည့်သွင်းခဲ့ခြင်းဖြစ်ပြီး ယင်းစာရင်းတွင် ၎င်းအား အိုစမာဘင်လာဒင် ၏ လုံခြုံရေးဆိုင်ရာ စေ့စပ်ညှိနှိုင်းရေးမှူးအဖြစ် ဖော်ပြထားကြောင်း သိရသည်။
အာမင်အူဟတ် သည် တာလီဘန်စစ်သွေးကြွအဖွဲ့နှင့်လည်း ဆက်စပ်နေသူဖြစ်ပြီး စစ်သွေးကြွ အဖွဲ့ အစည်းများထံသို့ လက်နက်ခဲယမ်းများနှင့် အခြားဆက်စပ်ပစ္စည်းများကို လွှဲပြောင်းပေးခဲ့သူ သို့မဟုတ် ရောင်းချ ပေးခဲ့သူတစ်ဦးအဖြစ်လည်း ကုလသမဂ္ဂက ဖော်ပြထားသည်။
#PAN