လုပ်ငန်းသုံးယာဉ်များအားလုံး ဇူလိုင်လ ၂၂ ရက်ကစပြီး သက်တမ်းတိုးပါက ယာဉ်စစ်ဆေးခြင်းခံရမည်


(ပြည်တွင်း) ဇူလှိုင် ၁၈

လုပ်ငန်းသုံးယာဉ်များအားလုံး လာမည့် ဇူလိုင်လ ၂၂ ရက်ကစတင်ပြီး သက်တမ်းတိုးရာမှာ ယာဉ်စစ်ဆေးခြင်းကို ပြန်လည်ဆောင်ရွက်သွားမယ်လို့ ကုန်းလမ်းပို့ ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနမှ အသိပေးထုတ်ပြန်ထားပါတယ်။

ကုန်းလမ်းပိုဆောင်ရေးညွှန်ကြားမှုဦးစီးဌာနအနေနဲ့ Road Safety ဖြစ်စေရေးအတွက် အရေးကြီးတဲ့ အများပြည်သူ သယ်ယူပို့ဆောင်ရေး ခရီးသည်တင် ယာဉ်များ၊ ယာဉ်မှန်/မမှန်စစ်ဆေးခြင်း၊ ပြောင်းလဲခြင်းများအတွက် ယာဉ်စစ်ဆေးခြင်း၊ နယ်ဝင်ယာဉ်များကို စစ်ဆေးခြင်းနှင့် အကျုံးဝင်သည့်ယာဉ်တွေကို ယာဉ်စစ်ဆေး၍ အခြားမော်တော်ယာဉ်နဲ့ မော်တော်ဆိုင်ကယ်အားလုံးကို ယာဉ်စစ်ဆေးခြင်းမပြုဘဲ နှစ်လဲသက်တမ်းတိုးလုပ်ငန်းများ ဆောင်ရွက်ပေးလျက် ရှိပါတယ်။

လက်ရှိမှာတော့ ဇူလိုင်လ ၂၂ ရက်က စတင်ပြီး အထက်ဖော်ပြပါ ယာဉ်စစ်ဆေးတဲ့ ယာဉ်တွေအပြင် Taxi ယာဉ်များအားလုံး၊ School Bus ယာဉ်များအားလုံး၊ (၂)တန်နှင့်အထက် အငှားယာဉ်များအားလုံး သက်တမ်းတိုး မှတ်ပုံတင်လုပ်ငန်းများ ဆောင်ရွက်ရာမှာ ယာဉ်စစ်ဆေးခြင်းကို ပြန်လည်ဆောင်ရွက်သွားမယ်လို့ အသိပေးကြေညာ ထားပါတယ်။

သက်တမ်းတိုးခြင်းအတွက် ခရီးလွန်ယာဉ်စစ်ဆေးခြင်းကို ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ရုံးများ၊ မန္တလေးတိုင်းဒေသကြီးအတွင်းရှိ ခရိုင်ရုံး(မန္တလေးတောင်ပိုင်း)နှင့် (မန္တလေးမြောက်ပိုင်း)ရုံးများမှအပ ကျန်ရုံးများအားလုံးမှာ ယာဉ်ပြန်လည်စစ်ဆေးရမယ့်ယာဉ်များအနက် သက်တမ်းတိုးယာဉ်များအတွက် ခရီးလွန်ယာဉ် စစ်ဆေးခြင်းအား ဆောင်ရွက်ခွင့်ပြုသွားမှာဖြစ်တယ်လို့ သိရပါတယ်။

လွိင်ကော်၊ လားရှိး၊ ကျောက်မဲ၊ မူဆယ်နှင့် ကော့ကရိတ်ရုံးများမှာတော့ အခြားရုံးများမှယာဉ်များကို ခရီးလွန် ယာဉ်စစ်ဆေးခြင်းနှင့် ၎င်းရုံးများမှ မှတ်ပုံတင်ယာဉ် များအား အခြားရုံးများ၌ ခရီးလွန်ယာဉ်စစ်ဆေးခြင်းတို့ကို ဆောင်ရွက်ခွင့်မပြုကြောင်း ထုတ်ပြန်ထားပါတယ်။

ကိုယ်ပိုင်လူစီးမော်တော်ယာဉ်များ၊ (၂)တန်အောက် လုပ်ငန်းသုံးယာဉ်များ၊ မော်တော်ဆိုင်ကယ်များ၊ သုံးဘီး ဆိုင်ကယ်နှင့် ထရော်လာဂျီယာဉ်များအားလုံးကို ၂၀၂၄ ခုနှစ်၊ စက်တင်ဘာ ၃၀ ရက်ထိ ယာဉ်စစ်ဆေးခြင်း မပြုဘဲ မှတ်တမ်းနှင့် တိုက်ဆိုင်စိစစ်ပြီး ယာဉ်စစ်ဆေးခြင်းကင်းလွတ်ဖြင့် ဆက်လက်ပြီး သက်တမ်းတိုးခြင်းကို ဆောင်ရွက် ပေးသွားမှာဖြစ်တယ်လို့သိရပါတယ်။

မော်တော်ဆိုင်ကယ်၊ သုံးဘီးဆိုင်ကယ်နှင့် ထရော်လာဂျီယာဉ်များ နယ်ဝင်/နယ်ထွက် မှတ်ပုံတင်လုပ်ငန်း ဆောင်ရွက်ခြင်းများကို ယာဉ်စစ်ဆေးခြင်းကင်းလွတ်ခွင့်ဖြင့် ဆက်လက်ဆောင်ရွက်ပေးသွားမှာ ဖြစ်တယ်လို့ ထုတ်ပြန်ထားပါတယ်။

Telegram»…
https://t.me/positiveanglenews

PAN

SZ