“ရွှေတိဂုံစေတီတော်၌ ဗုဒ္ဓပူဇနိယပွဲတော်များနှင့် သီလခံယူပွဲများ ကျင်းပမည်”

(ပြည်တွင်း)ဇူလိုင် ၁၉

ရန်ကုန်မြို့၊ ရွှေတိဂုံစေတီတော်ဘဏ္ဍာထိန်းဂေါပကအဖွဲ့သည် နေ့ထူးနေ့မြတ် မင်္ဂလာအခမ်းအနားများနှင့် မြန်မာ့ရိုးရာ ယဉ်ကျေးမှုပွဲတော်များကို စဉ်ဆက်မပြတ်ကျင်းပလျက်ရှိရာ လာမည့်ဝါတွင်းကာလမှာ ဗုဒ္ဓပူဇနိယ ပွဲတော်များနှင့် သီလခံယူပွဲများ ကျင်းပသွားမယ်လို့ ရွှေတိဂုံစေတီတော် ဘဏ္ဍာထိန်းဂေါပကအဖွဲ့မှ သိရပါတယ်။အဆိုပါပွဲတော်များကျင်းပရာတွင် ဝါဆိုလပြည့်နေ့ ဇူလိုင်လ ၂ဝ ရက်မှာ ဓမ္မစင်္ကြာအခါတော်နေ့အခမ်းအနား နှင့် ဝါဆိုရွှေကြာသင်္ကန်းကပ်လှူပူဇော်ပွဲအခမ်းအနား၊ ဝါခေါင်လပြည့်နေ့ ဩဂုတ်လ ၁၉ ရက်မှာ မေတ္တာအခါတော်နေ့ အခမ်းအနားနှင့် ပန်းပေါင်း ၈၄,ဝဝဝ ပူဇော်ပွဲအခမ်းအနား၊ တော်သလင်းလပြည့်နေ့ စက်တင်ဘာလ ၁၇ ရက်မှာ ဂရုဓမ္မအခါတော်နေ့အခမ်းအနား၊ သီတင်းကျွတ်လဆန်း ၁၄ ရက်၊ အောက်တိုဘာလ ၁၆ ရက်မှာတော့ သီတင်းကျွတ် မီးထွန်းပွဲတော်အခမ်းအနားနှင့် သီတင်းကျွတ်လပြည့်နေ့ အောက်တိုဘာလ ၁၇ ရက်မှာ အဘိဓမ္မာအခါတော်နေ့ အခမ်းအနားများကို ကျင်းပသွားမှာဖြစ်ပါတယ်။ဒါ့အပြင် ဝါဆိုလပြည့်နေ့မှစပြီး သီတင်းကျွတ်လပြည့်နေ့အထိ လပြည့်၊ လကွယ်နှင့် ကြားရက် ဥပုသ်နေ့များ တွင် ဘုရားဖူးပြည်သူများအနေဖြင့် ရွှေတိဂုံစေတီတော် ဘဏ္ဍာထိန်းဂေါပကအဖွဲ့၊ ဩဝါဒါစရိယ ဆရာတော်ကြီးများ ထံမှ သီလခံယူဆောက်တည်နိုင်ရန်အတွက်လည်း သီလခံယူပွဲများကျင်းပရန် စီစဉ်ထားရှိကြောင်း သိရပါတယ်။

#PAN