မြန်မာနိုင်ငံ၏ လူသားချင်းစာနာမှုဆိုင်ရာ အခြေအနေနှင့် စပ်လျဉ်း၍ ဥရောပသမဂ္ဂနှင့် နိုင်ငံအချို့၏ ပူးတွဲသတင်း ထုတ်ပြန်ချက်အပေါ် မြန်မာနိုင်ငံ၏ တုံ့ပြန်ချက်


(ပြည်တွင်း) ဇူလှိုင် ၁၉

မြန်မာနိုင်ငံ၏ လူသားချင်းစာနာမှုဆိုင်ရာအခြေအနေနှင့် စပ်လျဉ်း၍ ဥရောပသမဂ္ဂ နှင့် နိုင်ငံအချို့က ထုတ်ပြန်သည့် ပူးတွဲသတင်းထုတ်ပြန်ချက်ကို ကုလသမဂ္ဂ ဆိုင်ရာ အမေရိကန်အမြဲတမ်းကိုယ်စားလှယ်အဖွဲ့ရုံးမှ နိုင်ငံရေးရာအထူးကိစ္စရပ်များ တာဝန်ခံ သံအမတ် Mr. Robert Wood က ၁၅-၇-၂၀၂၄ ရက်တွင် နယူးယောက်မြို့၊ ကုလ သမဂ္ဂဌာနချုပ်ရှိ သတင်းစာရှင်းလင်းပွဲ ကျင်းပသည့်နေရာ၌ ဖတ်ကြားခဲ့သည်ကို တွေ့ရှိရသည်။

အဆိုပါပူးတွဲသတင်းထုတ်ပြန်ချက်တွင် မြန်မာနိုင်ငံနှင့်ပတ်သက်၍ တစ်ဖက်သတ် စွပ်စွဲချက်များ၊ အခြေအမြစ်မရှိ၊ မှန်ကန်မှုမရှိသော ဖော်ပြချက်များ ပါရှိသည်။ မြန်မာ အစိုးရသည် မြန်မာနိုင်ငံအတွင်း လူသားချင်းစာနာမှုအကူအညီလိုအပ်သည့် ပြည်သူလူထုထံ ခွဲခြားမှုမရှိဘဲ အကူအညီများ ရောက်ရှိရေး အစဉ်တစိုက် အလေးထားလျက် ကုလသမဂ္ဂနှင့် လည်းကောင်း၊ မြန်မာနိုင်ငံအပေါ် စစ်မှန်သည့် စိတ်ထားဖြင့် အကူအညီပေးလိုသည့် နိုင်ငံ များနှင့်လည်းကောင်း၊ အကောင်းဆုံး ပူးပေါင်းဆောင်ရွက်လျက်ရှိသည်။ မြန်မာအစိုးရသည် လူသားချင်းစာနာမှု အကူအညီလိုအပ်သူများအတွက် အကူအညီများကို အာဆီယံ လူသားချင်းစာနာထောက် ထားမှု အကူအညီပေးအပ်ရေးညှိနှိုင်းမှုဗဟိုဌာန (ASEAN Coordinating Centre for Humanitarian Assistance on Disaster Management- AHA Centre) မှတစ်ဆင့် ရယူလျက်ရှိသည်။

မြန်မာအစိုးရက ကုလသမဂ္ဂနှင့် နိုင်ငံတကာအဖွဲ့အစည်းများက မေတ္တာရပ်ခံသည့် ပြည်တွင်းခရီးသွားလာခွင့်နှင့် လူသားချင်းစာနာထောက်ထားမှုအကူအညီများ ဖြန့်ဝေခွင့် တို့ကို လုံခြုံရေးအခြေအနေအပေါ် မူတည်၍ အတတ်နိုင်ဆုံး ခွင့်ပြုဆောင်ရွက်ပေးလျက် ရှိသည်။ မြန်မာအစိုးရအနေဖြင့် အများပြည်သူ၏ အသက်အိုးအိမ်ကို ကာကွယ် စောင့်ရှောက် ရန် လိုအပ်သည့် လုံခြုံရေးဆိုင်ရာတုံ့ပြန်ဆောင်ရွက်မှုများကို အတတ်နိုင်ဆုံး ထိန်းသိမ်း ဆောင်ရွက်လျက်ရှိသည်။ မြန်မာနိုင်ငံ၌ အကြမ်းဖက်အဖွဲ့အစည်းများ၏ လူမဆန်သော တိုက်ခိုက်မှုများကြောင့် ယခုအချိန်အထိ အပြစ်မဲ့ပြည်သူပေါင်း ၇၈၈၀ ဦး ကျော် အသက် ဆုံးရှုံးခဲ့ရပြီး ဖြစ်သည်။ အဆိုပါ ပူးတွဲသတင်းထုတ်ပြန်ချက်သည် ယင်းအကြမ်းဖက်မှု လုပ်ရပ်များကို မျက်ကွယ်ပြုထားသည်ကို တွေ့ရသည်။

ကုလသမဂ္ဂလုံခြုံရေးကောင်စီ၏ ဆုံးဖြတ်ချက်အဆို ၂၆၆၉ တွင် မြန်မာနိုင်ငံအပေါ် နိုင်ငံရေးသွတ်သွင်းမှုများစွာ ပါဝင်ပါသည်။ မြန်မာနိုင်ငံအနေဖြင့် နိုင်ငံ့ရေးရာ ကိစ္စရပ်များကို ဆောင်ရွက်ရာတွင် ၂၀၀၈ ခုနှစ်၊ ဖွဲ့စည်းပုံ အခြေခံဥပဒေ၊ တည်ဆဲဥပဒေများ၊ မြန်မာနိုင်ငံ၏ အခြေခံမူဝါဒ ရပ်တည်ချက်များနှင့်အညီသာ ဆောင်ရွက် သွားမည်ဖြစ်ကြောင်း ထပ်လောင်း ဖော်ပြအပ်သည်။

နိုင်ငံခြားရေးဝန်ကြီးဌာနအနေဖြင့် မြေပြင်အခြေအနေမှန်နှင့် ဖြစ်ရပ်မှန် အချက်အလက်များကို ထင်ဟပ်ဖော်ပြခြင်းမရှိသည့် တစ်ဖက်သတ်စွပ်စွဲချက်များနှင့် သတင်းမှား များကို အခြေခံပြီး၊ နိုင်ငံရေးသဘောသက်ရောက်စေသည့် ဥရောပသမဂ္ဂနှင့် နိုင်ငံအချို့၏ ပူးတွဲသတင်းထုတ်ပြန်ချက်အပေါ် ပြင်းထန်စွာကန့်ကွက်သည်။

နိုင်ငံခြားရေးဝန်ကြီးဌာန

နေပြည်တော်

၂၀၂၄ ခုနှစ်၊ ဇူလိုင်လ ၁၈ ရက်

Telegram>>…
https://t.me/positiveanglenews

PAN

SZ