ယာယီသမ္မတဦးမြင့်ဆွေ ဆေးခွင့်ဖြင့် ကျန်းမာရေးစောင့်ရှောက်မှုခံယူနေဟု ထုတ်ပြန်

(ပြည်တွင်း) ဇူလိုင် ၁၈

ယာယီသမ္မတဦးမြင့်ဆွေသည် ၂၀၂၃ ခုနှစ် နှစ်ဆန်းပိုင်းမှစ၍ လှုပ်ရှားရာတွင် တုန့်နှေးခြင်းနှင့် အစားအသောက်နည်းခြင်းတို့ကို စတင်ခံစားခဲ့ရသည့်အတွက် အထူးကုပါရဂူကြီးများ ပါဝင်သော ဆေးကုသမှုအဖွဲ့ဖြင့် ပုံမှန်ဆေးကုသမှု ခံယူခဲ့သည်ဟု နစက ကသတင်းထုတ်ပြန်သည်။

ယင်းသတင်းထုတ်ပြန်ချက်တွင် ကျန်းမာရေးစစ်ဆေးစမ်းသပ်ချက်များအရ အာရုံကြောများ နှေးကွေးတုန့်ဆိုင်းသည့်ရောဂါ၊ ၎င်းနှင့်ဆက်စပ် ဖြစ်ပေါ်သော အာရုံကြောအားနည်းရောဂါတို့အား ခံစားနေရသည်ကို တွေ့ ရှိရသည့်အတွက် ၁၅-၄-၂ဝ၂၄ ရက်မှ ၁၉-၄-၂၀၂၄ ရက်အထိ စင်ကာပူနိုင်ငံ၊ Mount Elizabeth Medical Centre တွင်ဦးနှောက်နှင့် အာရုံကြောပိုင်းဆိုင်ရာ စစ်ဆေးကုသမှုများခံယူခဲ့ပြီး ၂၇-၅-၂၀၂၄ ရက်မှ ၁၈-၆-၂၀၂၄ရက်အထိ အမှတ်(၂)တပ်မတော်ဆေးရုံကြီး(ကုတင် ၁၀၀၀) တွင် ဆေးကုသမှုခံယူခဲ့သည်ဟုပါရှိသည်။

ယင်းကာလအတွင်း ယာယီသမ္မတ ဦးမြင့်ဆွေ၏ ဝဲ၊ ယာ မျက်စိများတွင် ဖြစ်ပွားလျက်ရှိသော အတွင်းတိမ်များကို ခွဲစိတ်ကုသခဲ့ရာ အမြင်အာရုံပြန်လည် ကောင်းမွန်လာခဲ့သော်လည်း အာရုံကြောအားနည်းရောဂါကို ဆက်လက်ခံစားနေရသဖြင့် ၁၈-၆-၂ဝ၂၄ ရက်မှ ၃၀-၇-၂၀၂၄ရက်အထိ ဆေးခွင့်ယူ၍ နေအိမ်တွင် အထူးဆေးကုသမှုအဖွဲ့၏ အနီးကပ် ကျန်းမာရေးစောင့်ရှောက်မှု ခံယူလျက်ရှိပါသည်။

၃၀ – ၆ – ၂ဝ၂၄ ရက်နှင့် ၁၄ – ၇ – ၂ဝ၂၄ ရက်တို့တွင် ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ပါမောက္ခဒေါက်တာသက်ခိုင်ဝင်း နှင့် ( ၈ )ဦးပါဝင်သော အထူးဆေးကုသမှုအဖွဲ့ဖြင့် ကျန်းမာရေးစစ်ဆေးမှုကို ပြုလုပ်ခဲ့ရာ ကျန်းမာရေးအခြေအနေမှာ တိုးတက်ကောင်းမွန် လာခြင်းမရှိသေးဘဲ အစားအသောက် စားသုံးခြင်းအပါအဝင် နေ့စဉ်ပုံမှန်သွားလာလှုပ်ရှားမှုကို လုပ်ဆောင်နိုင်မှု မရှိသေးသောကြောင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏စီမံဆောင်ရွက်ပေးမှုဖြင့် အနီးကပ် ကျန်းမာရေးစောင့်ရှောက်မှုများကို ဆောင်ရွက်ပေးလျက်ရှိပါကြောင်း နစကမှ သတင်းထုတ်ပြန်ထားသည်။

PAN