ဒေါ်နယ်ထရမ့် က ဂျေဒီဗန့်ကို မိတ်ဖက်အဖြစ် ရွေးချယ်မှုသည် ယူကရိန်းအတွက် ကပ်ဆိုက်မှုဖြစ်


(နိုင်ငံတကာ) ဇူလိုင် ၁၇

ဒေါ်နယ်ထရမ့် က ဂျိန်းဒေးဗစ်ဗန့် (ဂျေဒီဗန့်)ကို ဒုတိယသမ္မတကိုယ်စားလှယ်လောင်းအဖြစ် ရွေးချယ် လိုက်မှုသည် ယူကရိန်းအတွက် ကပ်ဆိုက်မှုဖြစ်ကြောင်း ဥရောပသမဂ္ဂအကြီးတန်းအရာရှိတစ်ဦးက ပြောသည်ဟု Politico သတင်းဌာနက ဇူလိုင်လ ၁၆ ရက်က ဖော်ပြထားသည်။

ဒေါ်နယ်ထရမ့်သည် ဇူလိုင်လ ၁၅ ရက်တွင် ကျင်းပသော ရီပက်ဘလစ်ကန်ပါတီ၏ သမ္မတကိုယ်စားလှယ်လောင်း အမည်စာရင်းတင်သွင်းပွဲသို့ တက်ရောက်လာပြီး ရွေးကောက်ပွဲတွင် ၎င်းနှင့်အတူ ပါဝင်ယှဉ်ပြိုင်မည့် မိတ်ဖက်အဖြစ် ဂျေဒီဗန့်ကို ရွေးချယ်လိုက်ခြင်း ဖြစ် သည်။

အဆိုပါပွဲတွင် ရီပက်ဘလစ်ကန်ပါတီက ၎င်းတို၏ တရားဝင်သမ္မတ ကိုယ်စားလှယ်လောင်းအဖြစ် ဒေါ်နယ် ထရမ့်ကို ရွေးချယ်လိုက်ခြင်း ဖြစ်သည်။

ဒေါ်နယ်ထရမ့်အနေဖြင့် ပြီးခဲ့သည့်ရက်ပိုင်းတွင် ပစ်ခတ်လုပ်ကြံရန် ကြိုးပမ်းခံရမှုမှ သီသီလေး လွတ်မြောက် လာပြီးနောက် ပစ်ခတ်ခံရမှုတွင်ရရှိသည့် နားရွက်ဒဏ်ရာကို ပတ်တီးစည်းကာ လူမြင်ကွင်းသို ပထမဆုံး အကြိမ် ထွက်ပေါ်လာခြင်းဖြစ်သည်။

ဂျေဒီဗန့် သည် လက်ရှိအမေရိကန်အစိုးရ က ယူကရိန်းအပေါ် ဒေါ်လာ ဘီလီယံပေါင်းများစွာ ထောက်ပံ့ပေးနေမှုများကို အပြစ်တင်ဝေဖန်ထားသူဖြစ်ပြီး ရုရှားနှင့်ဆွေးနွေးမှုများလုပ်ရန် တောင်းဆိုထားသူဖြစ်သည်။

ထို့ပြင် ယူကရိန်းအနေဖြင့် ၁၉၉၁ ခုနှစ်တွင် ရှိဖူးသော နယ်စပ်မျဉ်းများအတိုင်း ပြန်လည်ရရှိရေးကြိုးပမ်းမှုမှာ လက်တွေ့မဆန်ကြောင်း ဂျေဒီဗန့် က ပြောထားသည်။

အလားတူ ယူကရိန်းနိုင်ငံ အနေဖြင့် လက်ရှိရင်ဆိုင်နေရသော ပဋိပက္ခများကို ဖြေရှင်းရေးအတွက် ဆွေးနွေးမှုများ မဖြစ်မနေလုပ်ဆောင်ရန် လိုအပ်သည်ဟု ဂျေဒီဗန့် က ယုံကြည်ထားကြောင်း Sputnik သတင်းဌာန၏ ဖော်ပြချက်အရ သိရသည်။

Telegram>>…
https://t.me/positiveanglenews

PAN

SZ