လူသတ္တဝါနဲ့ ပတ်သက်တဲ့ အယူအဆ နှစ်မျိုး

(ဆောင်းပါးရှင် ဂျွန်အေး)

ဇူလိုင် ၁၆

လူတွေနဲ့ပတ်သက်ပြီး အယူအဆ နှစ်ခုကိုဆရာ ကြီး နန္ဒသိန်းဇံရဲ့ ”မနက်ဖြန်များကို ဖြတ်သန်းနေသော စိတ်ကူများ” စာအုပ်မှာ ဖော်ပြထားတာကို ဖတ်ရှုဘူးပါတယ်။ ပထမ အယူအဆက “သက်ရှိဟူသမျှမှာ အတ္တဝိညာဉ်ဆိုတာ ရှိတယ်။ အပင်သက်ရှိတွေမှာရှိတဲ့ အတ္တဝိညာဉ်ကတော့ အနိမ့်အကျဆုံးဖြစ်တယ်။ ဒါထက် အဆင့်မြင့်တဲ့ အတ္တဝိညာဉ်ကတော့ တိရစ္ဆာန်မှာရှိတယ်။ လူမှာရှိတဲ့အတ္တဝိညာဉ်ကတော့ အမြင့်မြတ်ဆုံးပဲတဲ့။ လူရဲ့အတ္တဝိညာဉ်မှာ ပညတ် Concepts တွေကို အသုံးပြုပြီးစဉ်းစားနိုင်၊ ဆင်ခြင်နိုင်တဲ့ စွမ်းရည်တည်ရှိတယ်။ ဒီလိုစဉ်းစားဆင်ခြင်နိုင်တဲ့ စွမ်းရည်ရှိခြင်းကြောင့် လူသတ္တဝါဟာ တခြားသက်ရှိတွေမှာရှိတဲ့ အတ္တဝိညာဉ်တွေနဲ့ ခြားနားသွားခြင်းဖြစ်တယ်။ တစ်နည်းပြောရရင် လူဟာ လောကဓမ္မသဘာဝတွေကို စဉ်းစာဆင်ခြင်ခြင်းအားဖြင့် ထွင်းဖောက်သိမြင်နိုင်တဲ့သတ္တဝါဖြစ်ခြင်းကြောင့် လူဟာ သတ္တလောကမှာ အမြင့်မြတ်ဆုံးသူဖြစ်တယ်” လို့ ဂရိတွေးခေါ်ပညာရှင် အာရစ္စတိုတယ် (BC 384 – 322) ကဖွင့်ဆိုခဲ့တယ်လို့ ဆိုပါတယ်။

ဒုတိယအယူအဆကတော့ “လူဟာ ဆင်ခြင်ဉာဏ်ရှိတဲ့သတ္တဝါ… လို့ပြောကြတယ်။ ဒီအဆိုမှန်ကန်ရဲ့လားလို့သက်သေ အထောက်အထားတွေ.. ရှာကြည့်ခဲ့ဖူးပါတယ်။ အာရှဥရောပ၊ အစရှိတဲ့တိုက်ကြီးတွေပေါ်က နိုင်ငံအများအပြားမှာလည်းရှာဖွေကြည့်တယ်။ ဒါပေမယ့် လူ့ လောကကြီးဟာ မိုက်မဲရူးသွပ်ခြင်းဆီကိုပဲ အဟုန်ပြင်းစွာနဲ့ ရွေ့ရှားနေတာကိုပဲတွေ့ နေရတယ်။ ရက်စက်ခြင်းတွေ၊ နိုင်လိုမင်းထက်ပြုခြင်းတွေ၊ အယူသီးစွာနဲ့ ပြုမူနေခြင်းတွေ တိုးသည်ထက် တိုးလာတာကိုပဲ တွေ့ နေရတယ်” ဆိုတဲ့ အယူအဆပါ။ အဲဒီအယူအဆကိုတော့ အင်္ဂလန်ဒဿနဆရာကြီး ဘာထရန်ရပ်ဆယ်လ်(1872 – 1970) က ဖွင့်ဆိုခဲ့တာဘဲ ဖြစ်ပါတယ်။

       အဲဒီအယူအဆ နှစ်ရပ်မှာ ဘယ်အယူအဆက မှန် ကန်သလဲဆိုတာ လေ့လာကြည့်သင့်ပါတယ်။

      တစ်ချိန်တုံးက အမေရိကန်နိုင်ငံ မစ္စပီမြစ်ကြောင်းတစ်လျောက် ရေကြောင်းပြအရာရှိအဖြစ် အလုပ်လုပ်နေတဲ့ ဆင်မြူရယ်ဆိုတဲ့ လူငယ်တစ်ယောက်ရှိတယ်။ အချိန်က ၁၇၆၁ ခုနှစ် အမေရိကန်ပြည်တွင်းစစ်ဖြစ်ခါနီးအချိန်ပါဘဲ။ ဆင်မြူရယ်ဟာ အမေရိကန်ပြည် တွင်းစစ်ဖြစ်တော့ ကျွန်စနစ်ကို ထောက်ခံတဲ့ တောင်ပိုင်းစစ်တပ်မှာ ဝင်ရောက်စစ်မှုထမ်းခဲ့တယ်။ တောင်ပိုင်းစစ်တပ်နဲ့ နီးစပ်လို့ စစ်မှုထမ်းခဲ့တာဖြစ်ပြီး မယ်မယ်ရရ ယုံကြည်ချက်နဲ့ စစ်မှုထမ်းခဲ့တာတော့မဟုတ်ဘူး။ တောင်ပိုင်းစစ်တပ်မှာ သူ့ကို မြင်းတပ်ဗိုလ်အဖြစ်ခန့်ထားခဲ့ပြီး စစ်ဆင်လှုပ်ရှားမှုများ ဆောင်ရွက်ရပါတယ်။ တစ်ရက်မှာ ရိက္ခာပြတ်လို့ တောင်ယာထဲက အိမ်ကို ဝင်ရောက်ပြီး သူနဲ့ သူတပ်ဖွဲ့ဝင်တွေစားဖို့ ရိက္ခာ ဝင်တောင်းခဲ့တယ်။ တောင်ယာထဲက အိမ်ရှင်အဖိုးကြီးက ဆင်မြူရယ်ကို မေးတယ်။
” မင်းတို့က ဘယ်တပ်ဖွဲ့ကလဲ” ဆိုတော့ ဆင်မြူရယ်က ”တောင်းပိုင်းစစ်တပ်ကပါ” လို့ ပြန်ဖြေခဲ့တယ်။
ဒီတော့ အိမ်ရှင်အဖိုးကြီးက ” အေး အဲဒါဆို ငါ မင်းတို့ကို ရိက္ခာ မပေးနိုင်ဘူး၊ ဘာဖြစ်လို့လဲဆိုတော့ ငါသားက မြောက်ပိုင်းစစ်တပ်မှာ တာဝန်ထမ်းဆောင်နေလို့ ” လို့ ပြောလိုက်ပါတယ်။
အဲဒီမှာ ဆင်မြူရယ်ခေါင်းဆောင်တဲ့ မြင်းတပ်ဖွဲဟာ ရိက္ခာ မယူတော့ဘဲ တပ်ခေါက်ပြန်လာခဲ့ပါတယ်။ ဆင်မြူရယ်ဟာ လက်နက်ကိုင်ထားတဲ့ လူတစ်စု၊ အိမ်ရှင်အဖိုးကြီးက လက်နက်မဲ့ အရပ်သားပြည်သူ တစ်ဦး၊ ဘာမှ အန္တရာယ်မပြုဘဲ ဆင်မြူရယ်အဖွဲ့က ဒီအတိုင်းပြန်လာခဲ့တာကို ကြည့်ရင် လူဆိုတဲ့သတ္တဝါဟာ စဉ်းစာဆင်ခြင်ဥာဏ်ရှိတယ်ဆိုတဲ့ အယူအဆက မှန်နေပါတယ်။

      မနေ့တစ်နေ့က အဖြစ်အပျက်တစ်ခုပါ၊ အမေရိကန်ရွေးကောက်ပွဲ မဲဆွယ်ပွဲတစ်ခုမှာ အမေရိကန်သမ္မတဟောင်း ဒေါ်နယ်ထရမ့် ကို အမေရိကန်နိုင်ငံ သားတစ်ဦးက သေနတ်ဖြင့် လုပ်ကြံပစ်ခတ်တဲ့ဖြစ်စဥ် ဖြစ်ပွားခဲ့ပါတယ်။ ဒီဖြစ်စဥ်မှာ ပစ်ခတ်သူအမေရိကန်နိုင်ငံသားကို အသေဖမ်းဆီး မိခဲ့တယ်လို့ ဆိုပါတယ်။ ဒီဖြစ်စဥ်ဟာ နိုင်ငံရေးပယောဂ မကင်နိုင်ဟုမြင်ပါတယ်။ ဘယ်လိုဘဲပြောပြော လက်နက်ပစ်ခတ်လုပ် ကြံမှုဟာ အကြမ်းဖက်လုပ်ရပ်သာဖြစ်ပါတယ်။ အင်္ဂလန်ဒဿနဆရာကြီး ဘာထရန်ရပ်ဆယ်လ် ရဲ့ ”လူ့ လောကကြီးဟာ မိုက်မဲရူးသွပ်ခြင်းဆီကိုပဲ အဟုန်ပြင်းစွာနဲ့ ရွေ့ရှားနေတာကိုပဲတွေ့ နေရတယ်။ ရက်စက်ခြင်းတွေ၊ နိုင်လိုမင်းထက်ပြုခြင်းတွေ၊ အယူသီးစွာနဲ့ ပြုမူနေခြင်းတွေ တိုးသည်ထက် တိုးလာတာကိုပဲ တွေ့ နေရတယ်” ဆိုတဲ့ အယူအဆက မှန်နေ ပြန်ပါတယ်။

       သိပ်မကြာသေးသော နှစ်ကာလက ယနေ့အချိန်ထိ ဖြစ်ပျက်ကြုံတွေ့နေရတဲ့ မြန်မာနိုင်ငံရဲ့ ဖြစ်စဥ်များကိုကြည့်မယ်ဆိုရင် လက်နက်မဲ့၊ အပြစ်မဲ့အရပ်သားပြည်သူတွေကို PDF အမည်ခံ အကြမ်းဖက်သမားများက ရက်ရက်စက်စက် သတ်ဖြတ်နေတာကို ရှင်းရှင်းလင်း လင်းတွေ့ကြရမှာ ဖြစ်ပါတယ်။
      ”ငါနဲ့မတူ ငါ့ရန်သူဆိုတဲ့”  PDF တွေရဲ့ အကြမ်းဖက်ဝါဒနဲ့ တပ်မတော်သား မိသားစုဝင်တွေ၊ ရဲတပ်ဖွဲ့ဝင် မိသားစုတွေ၊ ပြည်ခိုင်ဖြိုးပါတီဝင်နဲ့ မိသားစုတွေ၊ သာမန်ပြည်သူတွေအပြင် ရဟန်းသံဃာများကိုပင် ရက်ရက်စက်စက် သတ်ဖြတ်ခဲ့ကြရာမှာ အထောက် အထားများစွာနဲ့ သမိုင်းမှတ်တမ်း ဝင်ခဲ့ပြီ ဖြစ်ပါတယ်။
      တပ်မတော်က အာဏာထိန်းတဲ့ ၂၀၂၁ ခုနှစ် ဖေဖော် ဝါရီလ ၁ ရက်နေကနေ ၂၀၂၄ ခုနှစ် ဇန်နဝါရီလ ၂၉ ရက်နေ့အထိ ရဟန်းသံဃာ ၇၇ ပါး၊ သီလရှင် ၂ ပါး၊ နိုင်ငံဝန်ထမ်း ၁၁၂၄ ဦး၊ အပြစ်မဲ့ ပြည်သူ ၅၆၇၇ ဦး၊ စုစုပေါင်း ၆၈၈၀ ဦးကို အကြမ်းဖက် PDF များက နိုင်ငံအနှံမှာ သတ်ဖြတ်ခဲ့ကြပါတယ်။

      ဒါအပြင် လက်နက်ကိုင်သောင်းကျန်းသူ MNDAA /TNLA/AA စတဲ့ မြောက်ပိုင်း မဟာမိတ်အဖွဲ့တွေကလည်း အစွန်းရောက် လူမျိုးစွဲ ဝါဒတွေနဲ့ အပြစ်မဲ့ပြည်သူများကို ဖမ်းဆီးသတ်ဖြတ်ကြတဲ့အပြင် ၎င်းတိုဒေသမှာ ၎င်းတို့လူမျိုးစုမှလွဲပြီး အခြားတိုင်းရင်းသားလူမျိုးစုများကို နေထိုင်ခွင့်မပေးဘဲ နှင်ထုတ်ခဲ့ကြပါတယ်။ ဒီလုပ်ရပ်တွေဟာ ရှေးပဝေဏသီကတည်းက ၁၃၅ မျိုးသော တိုင်းရင်းသားလူမျိုးစုများ အတူတကွ အေးအတူပူ အမျှနေထိုင်ခဲ့ကြသည့် သမိုင်းကို ဖျက် ဆီးပစ်ကြခြင်းပင်ဖြစ်ပါတယ်။ အဲဒီလုပ်ရပ်တွေဟာ နိုင်ငံတကာက လက်မခံနိုင်တဲ့ လူအခွင့်အရေးချိုးဖောက်မှု၊ အကြမ်းဖက်များ ဖြစ်တဲ့အတွက် နိုင်ငံ တကာက သိရှိလာအောင် လုပ်ဆောင်ပြီး လူပတ်ဝန်ကျင်အတွက် အန္တရာယ်ရှိသော အကြမ်းဖက်အဖွဲ့အစည်းအဖြစ် ဝိုင်းဝန် နှိမ်နင်းကြဖို့ လိုအပ်လာပြီဖြစ်ပါတယ်။

       မြန်မာနိုင်ငံမှာ ဖြစ်ပွားနေတဲ့ ဒီဖြစ်ရပ်တွေကို ဆင်ခြင်သုံးသပ်ကြည့်မယ်ဆိုရင် ဘာထရန်ရပ်ဆယ်လ်ရဲ့ အယူအဆဟာ ပိုပြီး မှန်ကန်တဲ့သဘော ရှိတယ်လို့ ထင်ရပါတယ်။

      ဂရိတွေးခေါ်ပညာရှင် အာရစ္စတိုတယ်နဲ့ အင်္ဂလန်ဒဿနဆရာကြီး ဘာထရန်ရပ်ဆယ်လ်တို့ရဲ့ အယူအဆတွေကို မြင်အောင်ကြည့်မယ်ဆိုရင် ဘယ်အယူအဆမှ မှားယွင်းမှု မရှိဘူးလို့ ဆိုချင်ပါတယ်။ လူတိုင်းဟာ ဆင်ခြင်တုံတရား မရှိတဲ့ မြင့်မြတ်သူများ မဟုတ်ကြသလို လူတိုင်းဟာလည်း မိုက်မဲရူးသွပ်ပြီး ရက်စက်ကြသူများ မဟုတ်ကြပါ။
      ပထမဆုံး တင်ပြခဲ့တဲ့ ဖြစ်စဥ်မှာ ဆင်မြူရယ်ဆိုတဲ့လူငယ်ဟာ လက်နက်ကိုင်တပ်ဖွဲ့ဖြစ်ပေမဲ့ ဆင်​ခြင်တုံတရားရှိတဲ့လူသားဖြစ်နေတာကို တွေ့ရမှာဖြစ်ပါတယ်။ ဆင်မြူရယ်ဆိုတဲ့လူငယ်ဟာ တခြားသူမဟုတ်ပါဘူး၊နောင်တစ်ချိန်မှာ ကမ္ဘာကျော် စာရေးဆရာကြီး ဖြစ် လာမဲ့ မတ်ခ်တွိန်း(Mark Twain) ပဲ ဖြစ်ပါတယ်။ ဆင်မြူရယ်ဟာ ငယ်စဥ်ကတည်းက စာပေဖတ်ရှုမှုကို ဝါသနာထုံတဲ့အတွက် ဗဟုသုတများပြားပြီး ဆင်ခြင် တုံတရား၊ စဥ်းစားချင့်ချိန်နိုင်သူ တစ်ဦးဖြစ်နေခဲ့ပါတယ်။

ဒါအပြင် အမေရိကန်ပြည်တွင်းစစ်ဟာ နိုင်ငံသားအချင်းချင်းတိုက်ခိုက်ကြတဲ့ ပြည်တွင်းစစ် သာဖြစ်ပြီး ပြည်ပ ပယောဂ ဝင်ရောက်စွက်ဖက်မှုတွေ မရှိတဲ့အတွက် လူသားမဆန်သော ရက်စက်ကြမ်းကြုတ်မှုများ မဖြစ်ပေါ်ခဲခြင်းလည်း ဖြစ်မည်ဟု ယူဆရပါသည်။

       ယနေ့ မြန်မာနိုင်ငံရဲ့ ဖြစ်စဥ်တွေဟာ စဥ်စားချင့်ချိန်တတ်မှုနှင့် ဆင်ခြင်တုံတရား နည်းပါးတဲ့ မြန်မာ နိုင်ငံသားအချို့ကို ပြည်ပ ပယောဂများ၊ မြှောက်ပင့်သွေးထိုးမှုတွေကြောင့် ထေရဝါဒ ဗုဒ္ဓဘာသာဝင် မြန်မာလူမျိုးများမှာ အရက်စက်ဆုံး အကြမ်းဖက် သမားများအဖြစ် ရောက်ရှိလာခဲ့သည်ဟု မြင်ပါတယ်။ ဒီလိုဖြစ်ပေါ် လာဖို့ကို NLD ပါတီ အစိုးရကာလ ၅ နှစ်လောက်အချိန်ယူ ပျိုးထောင်းခဲ့ခြင်းပင် ဖြစ်ပါတယ်။ ၂၀၁၀ ခုနှစ်နောက်ပိုင်း အေး ချမ်းသာယာခဲ့သော မြန်မာပြည်အနှံအပြားဟာ ယနေ့မှာတော့ လွမ်းစရာ၊ ဝမ်းနည်းစရာ နေရာများအဖြစ် မြင်တွေ့နေရပါတော့တယ်။

#PAN