ဒေါ်နယ်ထရမ့် တိုက်ခိုက်ခံရခြင်းနှင့်ပတ်သက်၍ သမ္မတဘိုင်ဒင်၏ တုံ့ပြန်ချက်

(နိုင်ငံတကာ) ဇူလိုင် ၁၄


အမေရိကန်သမ္မတဂျိုးဘိုင်ဒန်သည်စနေနေ့ (ဇူလိုင်လ ၁၃ ရက်) တွင် Pennsylvania ပြည်နယ်ရှိ မဲဆွယ်စည်းရုံးရေးပွဲတွင် ဖြစ်ပွားခဲ့သော ပြိုင်ဘက် ဒေါ်နယ်ထရမ့် ပစ်ခတ်ခံရမှုနှင့် ပတ်သက်၍ ပြစ်တင်ရှုတ်ချလိုက်သည်။

သမ္မတဟောင်းလည်းဖြစ်သလိုနှင့် ရီပတ်ဘလီကန်ပါတီ၏ တစ်ပြေး နေသော သမ္မတလောင်း ဒေါ်နယ်ထရမ့်သည် မဲဆွယ်မိန့်ခွန်းပြောကြားနေစဉ် ပစ်ခတ်ခံခဲ့ရပြီး ညာဘက်နားသို့ ထိမှန်ခဲ့သော်လည်း အခြားဒဏ်ရာကြီးကြီးမားမားမရခဲ့ပါ။

“သူဟာ ခုချိန်မှာ လုံခြုံမှုရှိသွားပြီး အခြေအနေကောင်းမွန်တယ်လို့ကြားရတဲ့အတွက် ဝမ်းသာကြောင်း၊ အမေရိကမှာ ဒီလိုအကြမ်းဖက်မှုမျိုးအတွက်နေရာမရှိကြောင်းနှင့် ဒီလိုအကြမ်းဖက်ခြင်းအပြုအမူ မျိုးကို ဖြစ်ပျက်ခွင့်မပြုဘူး” ဟု ဘိုင်ဒင်က ထရမ့်လုပ်ကြံခံရခြင်းနှင့်ပတ်သက်၍ တုံ့ပြန်ခဲ့သည်။

ထို့ပြင် ဘိုင်ဒင်က ထရမ့်နှင့် မကြာမီ တွေ့ဆုံစကားပြောရန် မျှော်လင့်ကြောင်းလည်း ပြောကြား ခဲ့သည်။


လျှို့ဝှက်ထောက်လှမ်းရေးဝန်ဆောင်မှုဌာန၏အဆိုအရ ၎င်း၏အေးဂျင့်များသည် သံသယရှိသူ သေနတ်သမားကို အသေဖမ်းမိနိုင်ခဲ့ကြောင်း၊ စည်းရုံးပွဲသို့ လာရောက်သည့် ပရိသတ်တစ်ဦး သေဆုံးသွားခဲ့ပြီး နှစ်ဦးမှာ ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ထရမ့်အား ဘေးကင်း လုံခြုံအောင် ဆောင်ရွက်ပေးခဲ့သော လျှို့ဝှက်ထောက်လှမ်းရေးဝန်ဆောင်မှုဌာနကိုလည်း ကျေးဇူး တင်ရှိကြောင်း ဘိုင်ဒင်က မှတ်ချက်ပြုခဲ့သည်။


ဒုတိယသမ္မတ ကမ်မီလာဟားရစ်ကလည်း “ထရမ့်အနေဖြင့် ဒဏ်ရာကြီးကြီးမားမားမရခဲ့သည့် အတွက် စိတ်သက်သာရာရကြောင်း၊ ၎င်းနှင့် ၎င်း၏မိသားစုဝင်များ၊ ဒဏ်ရာရရှိခဲ့သူများအတွက် ဆုတောင်းပေးနေကြောင်း၊ ၎င်းအကြမ်းဖက်လုပ်ရပ်ကို အားလုံးက ရှုတ်ချရမည်ဖြစ်ကြောင်း၊ ယခု ကဲ့သို့အကြမ်းဖက်လုပ်ရပ်များ ထပ်မံဖြစ်ပွားခြင်းမရှိအောင် တတ်နိုင်သမျှ ကာကွယ်တားဆီး လုပ်ဆောင်ရမည်ဖြစ်ကြောင်း” ယခုအဖြစ်အပျက်နှင့် ပတ်သက်၍ တုံ့ပြန်ထားသည်။

လက်ဝဲယိမ်း၊ လက်ယာယိမ်း အမတ်များအားလုံးက ယခုကဲ့သို့ နိုင်ငံရေးအကြမ်းဖက်မှုနှင့် ပတ်သက်၍ တညီတညွတ်တည်း ရှုတ်ချခဲ့ကြသည်ကို တွေ့ရသည်။


တင်ဇာ