တိုင်းရင်းသားလက်နက်ကိုင်များအနေဖြင့် ပြည်ထောင်စုမပြိုကွဲရေးကို ရှေးရှုကြစေလို

(ဆောင်းပါး)

လတ်တလောကာလမှာ မြန်မာ့တပ်မတော်သည် အတိုက်အခံ အကြမ်းဖက်လက်နက်ကိုင် များနှင့် တိုက်ပွဲများဖြစ်ပွားလျက်ရှိပြီး အချုပ်အခြာအာဏာပိုင်နယ်မြေအချို့ကို လက်လွှတ် ဆုံးရှုံး ခဲ့ရတာကို မြင်တွေ့နေရပါတယ်။

 ယခုအခြေအနေနှင့်ပတ်သက်ပြီး အများစုက တပ်မတော် အပေါ် အပြစ်ဖို့နေကြပေမယ့် သေချာကြည့်လျှင် အဖျက်အမှောင့်သမားများက ဒို့တာဝန်အရေး (၃) ပါးကို ချိုးဖောက်ဖို့ လုပ်နေကြသလို နိုင်ငံသားအချို့ကလည်း ၎င်းတို့ရဲ့ အခြေခံတာဝန်ဖြစ်သည့် ဒို့တာဝန်အရေး (၃) ပါးကို လေးစားလိုက်နာခြင်းမရှိကြတော့တာကို တွေ့မြင်ရမှာဖြစ်ပါတယ်။

အကြမ်းဖက်ထောက်ခံသူများနှင့် လက်နက်ကိုင်များသည် တိုင်းပြည်ပြိုလဲအောင် နည်းလမ်း မျိုးစုံသုံး၍ အဖျက်အမှောင့်လုပ်ရပ်များကို လုပ်ဆောင်နေကြပါတယ်။ ပြည်ထောင်စုပြိုကွဲဖို့ အတွက် တိုင်းရင်းသားလက်နက်ကိုင်များသည် ပြည်ပနိုင်ငံများ၏ အားပေးအားမြှောက်ပြုမှုနှင့်အတူ အစိုးရအားဆန့်ကျင်တိုက်ခိုက်ခြင်းများကို အနှံ့အပြားလုပ်ဆောင်လာကြပါတယ်။

ထိုကဲ့သို့ နိုင်ငံအတွင်း တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များစွာ တော်လှန်ပုန်ကန်နေသည့်အနက်မှ စာရေးသူအနေနဲ့ ယခုဆောင်းပါးမှာတော့ ထင်သာမြင်သာရှိအောင် လက်နက်ကိုင်အဖွဲ့တစ်ခု၏ တိုင်းပြည်ပြိုလဲအောင် လုပ်ဆောင်နေတဲ့လုပ်ရပ်တွေကို သာဓကပြု ရေးသားဖော်ပြသွားမှာ ဖြစ်ပါတယ်။

တိုင်းရင်းသားလက်နက်ကိုင်များထဲမှ အင်အားကြီးလက်နက်ကိုင်အဖွဲ့တစ်ခုဖြစ်သည့် ရက္ခိုင့်တပ်မတော် (AA) နှင့် အစိုးရတပ်များအကြား မကြာသေးမီကာလအတွင်းမှာ တိုက်ပွဲများ ပြင်းထန်လာခဲ့တာကို တွေ့ရပါတယ်။ AA သည် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရနယ်မြေတစ်ခုဖန်တီးရန် ရည်ရွယ်ချက်ရှိသော်လည်း ရခိုင်ပြည်နယ်ရှိ ရပ်ရွာအားလုံးကို အုပ်ချုပ်လိုသည်ဟူသော ၎င်း၏ အတောမသတ်နိုင်သည့် ရည်မှန်းချက်များကြောင့် ထိုဒေသတွင် နေထိုင်နေကြတဲ့ ဘင်္ဂါလီ လူမျိုးများနှင့်လည်း ပဋိပက္ခများရှိနေပါတယ်။ AA အဖွဲ့ကို ၂၀၀၉ ခုနှစ်၊ ဧပြီလ၌ ကချင်ပြည်နယ်၊ မြန်မာ-တရုတ် နယ်စပ်တွင် စတင်ဖွဲ့စည်းခဲ့ပါတယ်။

AA က တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ကြီးတစ်ခုဖြစ်တဲ့ ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) ထံကနေလည်း အထောက်အပံ့ တွေရပြီး အားကောင်းလာခဲ့ပါတယ်။ AA အဖွဲ့ရဲ့ ရည်မှန်းချက်ကတော့ အာရက္ခနိုင်ငံထူထောင်ပြီး ကိုယ်ပိုင်လွတ်လပ်တဲ့ နယ်မြေအဖြစ်ဖန်တီးဖို့အတွက်ဖြစ်ပါတယ်

အရေးပေါ်ကာလရဲ့ အစောပိုင်းကာလများတွင် ရခိုင်ဒေသမှာ အခြားဒေသများနှင့်မတူ တည်ငြိမ်မှုရှိခဲ့သော်လည်း ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလကစလို့ တိုက်ပွဲများစတင်ဖြစ်ပွားလာခဲ့ပါတယ်။

ယင်းတိုက်ပွဲများကြောင့် ရခိုင်ပြည်နယ်၏ နယ်မြေတည်ငြိမ်အေးချမ်းမှုများမှာ ဆိတ်သုဉ်းသွားပြီး ဒုက္ခအတိဖြစ်နေပါတယ်။ တိုက်ပွဲကာလ ၇ လကျော် ကြာမြင့်လာသည့်အလျောက် ရခိုင်ပြည်နယ်အနှံ့အပြားဟာ စစ်မျက်နှာဖြစ်လာခဲ့ပါတယ်။

လတ်တလောတွင် သံတွဲလေဆိပ်ကို AA တို့သိမ်းပိုက်နိုင်ခဲ့ပြီး ရခိုင်ပြည်နယ်ရှိ မြို့နယ် ၁၇ မြို့နယ်အနက် မြို့နယ် ၉ ခုကို ထိန်းချုပ်ထားနိုင်တာကို တွေ့ရပါတယ်။ ဒေသခံပြည်သူများအနေဖြင့် အသက်အန္တရာယ်လုံခြုံရေးအပြင် စားဝတ်နေရေး အကျပ်အတည်းများကိုလည်း ဆိုးဆိုးရွားရွားကြုံတွေ့နေရပါတယ်။

          ရခိုင်ပြည်နယ်သည် မြန်မာနိုင်ငံ၏ အနောက်ပိုင်းတည်ရှိပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံနှင့် နယ်နိမိတ်ချင်းထိစပ်နေပါတယ်။ ထို့ကြောင့်လည်း ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ ရွေ့ပြောင်းလာသော ဘင်္ဂါလီလူမျိုးပြဿနာများလည်းရှိနေပါတယ်။ ၎င်းနှင့်ပတ်သက်၍လည်း ၂၀၁၂ ခုနှစ်တွင် အရေး အခင်းတစ်ခုဖြစ်ပေါ်ခဲ့ပြီး ရခိုင်ပြည်နယ်တစ်ဝှမ်းတွင် တည်ငြိမ်အေးချမ်းမှု ပျက်ပြားစေခဲ့ပါတယ်။

ထို့ပြင် နိုင်ငံတကာ၏အမြင်တွင် လူနည်းစု ဘင်္ဂါလီများကို လူများစုဖြစ်သည့် ရခိုင်လူမျိုးများက ဖိနှိပ်သည်ဟူသော စွပ်စွဲပြစ်တင်ချက်များနှင့်အတူ ရခိုင်ပြည်နယ်အပေါ် နိုင်ငံတကာဖိအား များကိုလည်း သက်ရောက်စေခဲ့ပါတယ်။ ယနေ့အချိန်ထိတိုင်အောင်လည်း ၎င်းလူမျိုးရေးပြဿနာ များက နိုင်ငံတကာ၏ ကြားဝင်စွက်ဖက်မှုများဖြင့် မြန်မာနိုင်ငံအနောက်ပိုင်းဒေသကို မငြိမ်းချမ်း အောင် ဖန်တီးနေခဲ့ပါတယ်။

          ထို့ပြင် ဧရိယာအကျယ်အဝန်း ၃၆,၇၇၈ စတုရန်းကီလိုမီတာ ကျယ်ဝန်းသော ရခိုင်ဒေသ သည် ဒုက္ခများနှင့်အတူ သဘာဝကပေးသော လက်ဆောင်များကြောင့် မြန်မာနိုင်ငံ၏ အရေးပါသော နယ်မြေအစိတ်အပိုင်းဖြစ်နေပါတယ်။

ရခိုင်ကမ်းလွန်တွင် သဘာဝဓာတ်ငွေ့ ထွက်ရှိပြီး Shell၊ Total၊ Daewoo၊ Woodside အစရှိသော နိုင်ငံခြားကုမ္ပဏီများက လုပ်ကိုင်လျက် ရှိနေပါတယ်။ ဆန်စပါးစိုက်ပျိုးရေး၊ ပင်လယ်ငါးဖမ်းလုပ်ငန်းနှင့် ဝါး၊ ဓနိအစရှိသော သစ်တော ထွက်ပစ္စည်းရောင်းဝယ်ရေးလုပ်ငန်းများရှိပြီး ဒေသထွက်ကုန်များကို အိမ်နီးချင်းဘင်္ဂလားဒေ့ရှ်နှင့် မြန်မာနိုင်ငံအနှံအပြားသို့ တင်ပို့ရောင်းချလျက်ရှိနေပါတယ်။

ထို့ပြင် အဖိုးတန်တွင်းထွက် အနေဖြင့် ရခိုင်ကမ်းလွန်တွင် နာမည်ကျော် မြန်မာ့သဘာဝဓာတ်ငွေ့သိုက်များရှိပြီး ရမ်းဗြဲကျွန်း နှင့် မိုးစည်ကျွန်းတို့တွင် ရေနံအနည်းငယ်ထွက်ရှိပါတယ်။ တောင်ကုတ်မြို့နယ်၊ နေပူတောင်မှ လည်း စကျင်ကျောက်ထွက်ရှိတာကို တွေ့ရပါတယ်။

သို့သော်ထိုကဲ့သို့ သဘာဝကပေးသည့် လက်ဆောင်များ ကြွယ်ဝနေသော်လည်း ဆင်းရဲမွဲတေမှုနှုန်းမှာ ၄၁ ဒသမ ၆ ရာခိုင်နှုန်းဖြင့် မြန်မာ နိုင်ငံ၏ ဒုတိယအဆင်းရဲဆုံးပြည်နယ်ဖြစ်နေပါတယ်။

          ထိုအခြေအနေက အကြောင်းအရင်းများစွာအပေါ်အခြေခံနေပါတယ်။ အထက်မှာ ဆိုခဲ့သည့် အကြောင်းအချက်များအပြင် ကမ်းရိုးတန်းဒေသဖြစ်သည့်အလျောက် နှစ်စဉ်သဘာဝ ဘေးအန္တရာယ်များနှင့် ကြုံတွေ့နေရကာ ဖွံ့ဖြိုးတိုးတက်မှုများအတွက် အဟန့်အတားဖြစ်စေ ပါတယ်။ အထူးသဖြင့် ဒေသတစ်ခု၊ နယ်မြေတစ်ခု ဖွံ့ဖြိုးတိုးတက်ဖို့အတွက် အဓိကအကျဆုံးမှာ နယ်မြေတည်ငြိမ်အေးချမ်းရေးဟုဆိုနိုင်ပါတယ်။

AA လက်နက်ကိုင်အဖွဲ့၏ တိုင်းရင်းသားစည်းလုံး ညီညွတ်မှုပျက်ပြားစေပြီး နိုင်ငံတော်၏ အချုပ်အခြာအာဏာကို ထိပါးနှောင့်ယှက်နေသော လုပ်ရပ်များကြောင့် နယ်မြေ၏ တည်ငြိမ်အေးချမ်းမှုလည်း ပျက်သုဉ်းနေပါတယ်။

ယင်းကဲ့သို့ နယ်မြေတည်ငြိမ်အေးချမ်းမှုမရှိခြင်းကြောင့် အပြန်အလှန်အားဖြင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ လည်း နှောင့်နှေးရပါတယ်။ အထူးသဖြင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု အကြီးစားစီမံကိန်းများဖြစ်တဲ့ တရုတ်အစိုးရနှင့် ဖက်စပ်လုပ်ကိုင်မည့် ကျောက်ဖြူရေနက်ဆိပ်ကမ်းစီမံကိန်းနှင့် အိန္ဒိယအစိုးရနှင့် ပူးပေါင်းဆောင်ရွက်မည့် ကုလားတန်မြစ်ဘက်စုံသုံးစီမံကိန်းများမှာ ယင်းအခြေအနေများကြောင့် လုပ်ငန်းများ လည်ပတ်ဖို့ နှောင့်နှေးမှုများရှိနေပါတယ်။

ကျောက်ဖြူရေနက်ဆိပ်ကမ်းစီမံကိန်းမှာ ကျောက်ဖြူအထူးစီးပွားရေးဇုန်တွင် ပါဝင်သည့် စီမံကိန်း ၃ ခုအနက် တစ်ခုဖြစ်ပါတယ်။

၎င်းစီမံ ကိန်းသည် ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်မှာ တည်ရှိပြီး မြန်မာနိုင်ငံအနောက်ဘက် ကမ်းရိုး တန်းက ဘင်္ဂလားပင်လယ်အော်ကို မေးတင်ထားတဲ့ စီမံကိန်းလည်း ဖြစ်ပါတယ်။ ၎င်းစီမံကိန်းနှင့် ပတ်သက်လို့ မြန်မာအစိုးရဘက်က ၃၀ ရာခိုင်နှုန်း၊ တရုတ်ဘက်က ၇၀ ရာခိုင်နှုန်း ထည့်ဝင်ပြီး လုပ်ငန်း လည်ပတ်ဖို့ သဘောတူစာချုပ်ချုပ်ဆိုထားတာဖြစ်ပါတယ်။

၎င်းစီမံကိန်းနဲ့ပတ်သက်လို့ မြန်မာအစိုးရ‌ကော၊ ဒေသခံများကပါ အလုပ်အကိုင်အခွင့်အလမ်းတွေ များစွာတိုးတက်လာဖို့ မျှော်လင့်ထားပေမယ့် ယခုကဲ့သို့ အခြေအနေဆိုးများကြောင့် မျှော်လင့်ထားသမျှ အရာ မထင်သေးပေ။

          ယခုလို တိုက်ပွဲများကြောင့် လုပ်ငန်းမှာ စတင်လည်ပတ်ဖို့ပင် တန့်နေသည်ဟု ဆိုရပါမယ်။ သို့ဆိုလျှင် တိုက်ပွဲများရပ်တန့်ဖို့က အဓိကကျသည့် အဖြေဖြစ်နေပါတယ်။ AA အဖွဲ့သည် စတင်တည်ထောင်စက လူမသိသူမသိဖြင့် အင်အားအနည်းငယ်သာရှိခဲ့သော်လည်း ယခုအခါ ဒေသ၏ တစ်ဝက်လောက်ကိုပင် ခြေကုပ်ရယူထားနိုင်သည့်အနေအထားဖြစ်လာတာကို တွေ့ရပါ တယ်။

အကြောင်းကတော့ ၎င်းကို ထောက်ပံ့နေတဲ့၊ ပံ့ပိုးပေးနေတဲ့ ပြည်တွင်း၊ ပြည်ပက အင်အားစုတွေကြောင့် ယခုကဲ့သို့ အနေအထားတစ်ခုထိ ကြီးထွားလာခဲ့တာဖြစ်ပါတယ်။ AA က အိမ်နီးချင်းပြည်ပနိုင်ငံ၏ အကူအညီအားကိုးဖြင့် အစိုးရ၏ အချုပ်အခြာအာဏာကို ပြောင်ပြောင် တင်းတင်း ဆန့်ကျင်လာခဲ့ပါတယ်။

AA အား ထောက်ပံ့နေသော ၎င်းအိမ်နီးချင်းသည် နှစ်ရှည် လများ ချစ်ကြည်ရင်းနှီးသောအိမ်နီးချင်းဆက်ဆံရေးကို ထိန်းသိမ်းထားနိုင်သော်လည်း ၎င်း၏ အကျိုးစီးပွားအတွက်ဆိုလျှင် မြန်မာနိုင်ငံကို ၎င်း၏ နိုင်ငံရေးကစားကွင်း၊ အကျိုးအမြတ်ရှာဖွေရာ တစ်ခုအဖြစ်သာ သဘောထားလေ့ရှိခဲ့ပါတယ်။

၎င်းသည် အရှေ့မျက်နှာစာတွင် လက်နက်ကိုင် များနှင့် အစိုးရအကြား စေ့စပ်ညှိနှိုင်းပေးမှုများကို လုပ်ပြနေသော်လည်း နောက်ကွယ်တွင် တိုင်းရင်းသားလက်နက်ကိုင်များကို စစ်လက်နက်အထောက်အပံ့များ ပေးမြဲ ပေးဆဲဖြစ်နေ ပါတယ်။

ထို့ကဲ့သို့ မရိုးရှင်းသောအိမ်နီးချင်းနှင့် ကောင်းမွန်သောဆက်ဆံရေးကို ထိန်းသိမ်းဖို့ အတွက် မြန်မာအစိုးရက အမြဲတစေကြိုးပမ်းနေရပါတယ်။ အဓိကအကြောင်းအရင်းကတော့ တစ်မြေတည်းနေ၊ တစ်ရေတည်းသောက်နေတဲ့ တိုင်းရင်းသားအချင်းချင်း စည်းလုံးညီညွတ်မှု မရှိကြလို့ပါပဲ။

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များက အခုချိန်မှာ လှုပ်လှုပ်ခတ်ခတ်ဖြစ်နေတဲ့ နိုင်ငံရေး အခြေအနေကို အခွင့်ကောင်းယူပြီး အစိုးရကို တော်လှန်တဲ့ထိုးစစ်တွေကို ဆင်နွှဲလာပါတယ်။ ၎င်းတို့ဒေသအတွင်း အာဏာရဖို့၊ လုပ်ပိုင်ခွင့်တွေရဖို့ဆိုတဲ့ တစ်ကိုယ်ကောင်းအတ္တတစ်ခုတည်းနဲ့ အခွင့်ရေးယူလာပါတယ်။

 ၎င်းတို့ရဲ့အတ္တနဲ့ အကျိုးအမြတ်မျှော်ကိုးတဲ့လုပ်ရပ်တွေက ပြည်ထောင်စု ကြီးပြိုကွဲပြီး တိုင်းရင်းသားစည်းလုံးညီညွတ်မှုကို ပျက်ပြားသွားစေမယ့် ဆိုးကျိုးတွေအထိ သက်ရောက်လာနိုင်တာကို ၎င်းတို့က ငဲ့ကွက်ခြင်း အလျင်းမရှိပါဘူး။ ၎င်းတို့အနေနဲ့ ဒေသတစ်ခု အတွင်း အာဏာကို ဆုပ်ကိုင်ရရှိသွားလျှင်လည်း ဒေသဖွံ့ဖြိုးတိုးတက်ရေး၊ တည်ငြိမ်အေးချမ်းရေး ဆိုတဲ့ အများအကျိုးကို မျှော်ကိုးဆောင်ရွက်တာမျိုးထက် ၎င်းတို့လက်နက်ကိုင်အစုအဖွဲ့ အာဏာကို လိုသလိုအသုံးချဖို့ အကျိုးအမြတ်တွေကို ၎င်းတို့ကောင်းစားဖို့လောက်သာ အသုံးချ သွားမှာ တွေးကြည့်ရုံနဲ့တင် သေချာနေပါတယ်။

ဥပမာ- ရခိုင်ပြည်နယ်ရဲ့ မကြာခဏဆိုသလို ကြုံတွေ့နေရတဲ့ သဘာဝဘေးအန္တရာယ်တွေကို ၎င်းလက်နက်ကိုင်အဖွဲ့ အစည်းတွေ ကူညီ ကယ်ဆယ်ခဲ့တာမျိုး ရှိခဲ့သလား။ မတွေ့ခဲ့ရပါဘူး။ အမြဲလိုလို မြန်မာ့တပ်မတော်ကသာ သဘာဝ ဘေးအန္တရာယ်အပြင် အရေးအခင်းကာလများမှာလည်း နယ်မြေဒေသ အေးချမ်းလုံခြုံရေးကို ရှေ့တန်းကနေ အစဉ်တစိုက် ကူညီဆောင်မပေးခဲ့ရပါတယ်။

ထို့ကြောင့် AA နည်းတူ တိုင်းရင်းသားလက်နက်ကိုင်အများစုက ကိုယ်ကျိုးကို ဦးစားပေး တတ်ကာ ကိုယ့်လူမျိုးစုကို ကာကွယ်ဖို့ဆိုပြီး လူကြားကောင်းအောင် ပြောနေကြပေမယ့် အရေးကြုံလာရင် ရှေ့မှာ မားမားမတ်မတ်ရယ်လို့ ရှိမနေတတ်ကြပါဘူး။ ဒေသခံပြည်သူတွေကို အမှန်တကယ် ကူညီချင်တယ်၊ ကယ်ဆယ်ချင်တယ်ဆိုရင်တော့ ပြည်ပ အားကိုးပြီး တိုင်းပြည် ပြိုလဲအောင် လုပ်ဆောင်နေတဲ့ လုပ်ရပ်တွေကို ရပ်တန့်တာက အကောင်းဆုံးနည်းလမ်းပါပဲ။

 သို့မဟုတ်လျှင် နိုင်ငံရေး မတည်ငြိမ်တာ၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှုပျက်ပြားနေတာတွေကို ပြည်ပနိုင်ငံတွေက အခွင့်ကောင်းယူပြီး မြန်မာ့နိုင်ငံရေး၊ စီးပွားရေးတွေမှာ ကြားဝင်လာပြီး တိုင်းပြည်ကို ပြိုလဲအောင် ကြံဆောင်လာနိုင်ပါကြောင်း ရေးသားလိုက်ရပါတယ်။

တင်ဇာ

#PAN