ဆိုဗီယက်နိုင်ငံဟောင်း အာမေးနီးယားတွင် အီးယူမစ်ရှင်ထားရှိ၍ ထောက်လှမ်းရေး လှုပ်ရှားမှုများကို ဆောင်ရွက်နေကြောင်း ရုရှားက သုံးသပ်

(နိုင်ငံတကာ) ဇူလိုင် ၁၃


ရုရှားဒုတိယနိုင်ငံခြားရေးဝန်ကြီး Mikhail Galuzin က အာမေးနီးယားရှိ အီးယူမစ်ရှင်သည် ထောက်လှမ်းရေးလှုပ်ရှားမှုများ၏ ရှေ့တန်းအဖြစ် ဆောင်ရွက်နေသည်ဟု အခိုင်အမာ ပြောကြား ခဲ့သည်။

နေတိုးသည် အာမေးနီးယား နိုင်ငံအတွင်း ဘရပ်ဆဲလ်၏ တည်ရှိမှုကို အသုံးချ၍ တောင်ကော့ကေးဆပ်ဒေသတွင် ခြေကုပ်ရယူရန် ကြိုးပမ်းနေသည်ဟု ၎င်းက စွပ်စွဲခဲ့သည်။

ပြီးခဲ့သည့်နိုဝင်ဘာလတွင် အာမေးနီးယားသည် ပါလီမန်မှ ၂၀၂၄ ခုနှစ်၊ မတ်လတွင် အတည်ပြုခဲ့သော အဇာဘိုင်ဂျန်နှင့်နယ်စပ်တွင် အီးယူမစ်ရှင် ထားရှိရန် သဘောတူညီမှု စာချုပ်တွင် လက်မှတ်ရေးထိုးခဲ့သည်။


ရုရှားနိုင်ငံသည် တူကီယဲနယ်စပ်နှင့် မနီးမဝေး အာမေးနီးယားနိုင်ငံအနောက်မြောက်ပိုင်းရှိ Gyumri မြို့တွင် စစ်အခြေစိုက်စခန်းတစ်ခုထားရှိထားသည်။ ရုရှားလေတပ်၏ တပ်စိတ် တစ်ခုသည် မြို့တော် Yerevan တွင် တပ်စွဲထားသည်။

Galuzin ၏အဆိုအရ အီးယူသည် တောင်ကော့ကေးဆပ်ဒေသတွင် အိမ်နီးချင်း ရုရှား၊ အီရန်နှင့် တူကီယဲတို့ကဲ့သို့ အိမ်နီးချင်း နိုင်ငံများကို ထိခိုက်နစ်နာစေရန် ကြိုးပမ်းနေကြောင်း သိရသည်။ ထို့ပြင် ကနေဒါနိုင်ငံသည် အီးယူ အဖွဲ့ဝင်မဟုတ်သော်လည်း ကနေဒါကိုယ်စားလှယ်များသည် မစ်ရှင်တွင် ပါဝင်နေကြောင်း သိရသည်။

သို့ဖြစ်ပါ၍ ကနေဒါသည် နေတိုး၏ အစိတ်အပိုင်းတစ်ခုဖြစ်သောကြောင့် အာမေးနီးယားတွင် ၎င်း၏တည်ရှိမှုသည် ဒေသတွင်းတွင် နေတိုး၏သြဇာလွှမ်းမိုးမှုကို တိုးမြှင့်ရန် ကြိုးပမ်းနေခြင်းဖြစ်သည်ဟု Galuzin က သုံးသပ်ထားသည်။


အာမေးနီးယန်း-အဇာဘိုင်ဂျန်နယ်စပ်ရှိ တင်းမာမှုအခြေအနေ သိသိသာသာ မတိုးတက် သေးသော်လည်း အီးယူမစ်ရှင်၏ အမြဲတမ်းတည်ရှိနိုင်သည့် အလားအလာအပေါ် စိုးရိမ်ကြောင်း ဒုတိယနိုင်ငံခြားရေးဝန်ကြီးက ပြောကြားခဲ့သည်။

မစ်ရှင်၏ဝဘ်ဆိုဒ်တွင်ဖော်ပြချက်အရ ၎င်းသည် “မြေပြင်အခြေအနေများကို စောင့်ကြည့်အစီရင်ခံခြင်း၊ ပဋိပက္ခဖြစ်ပွားနေသောဒေသများရှိ လူသားလုံခြုံရေးအတွက် အထောက်အကူဖြစ်စေရန်နှင့် အာမေးနီးယားနှင့် အဇာဘိုင်ဂျန်အကြား ယုံကြည်မှုတည်ဆောက်မှုကို ပံ့ပိုးပေးသည့် တာဝန်ဖြစ်ကြောင်း” သိရသည်။

အာမေးနီးယန်း အစိုးရ၏ တောင်းဆိုချက်အရ စတင်ခဲ့သည့် အဆိုပါ စီမံချက်တွင် နှစ်နှစ်လုပ်ပိုင်ခွင့်ရှိပြီး အီးယူ အဖွဲ့ဝင် ၂၃ နိုင်ငံနှင့် ကနေဒါတို့မှ လေ့လာသူများလည်း ပါဝင်သည်။


ပြီးခဲ့သည့်လတွင် အာမေးနီးယန်းဝန်ကြီးချုပ် Nikol Pashinyan က ရုရှား၊ ဘီလာရုစ်၊ ကာဇက်စတန်၊ ကာဂျစ္စတန်နှင့် တာဂျစ်ကစ္စတန်တို့ပါရှိသည့် စုပေါင်းလုံခြုံရေးအဖွဲ့ (CSTO) မှ နှုတ်ထွက်သွားမည်ဖြစ်ကြောင်း ကြေညာခဲ့သည်။

Nagorno-Karabakh အငြင်းပွားဒေသတွင် လွန်ခဲ့သည့် လေးနှစ်တာကာလအတွင်း အဇာဘိုင်ဂျန်နှင့် စစ်ရေးပဋိပက္ခများတွင် CSTO သည် အာမေးနီးယားကို အကာအကွယ်ပေးရန် ပျက်ကွက်ခဲ့သည်ဟုဆိုကာ ၎င်းအစုအဖွဲ့၏ အသုံးဝင် မှုနှင့် ပတ်သက်၍ အာမေးနီးယန်းဝန်ကြီးချုပ်က မေးခွန်းထုတ်ခဲ့သည်။

၂၀၂၃ ခုနှစ် စက်တင်ဘာလတွင် အဇာဘိုင်ဂျန်စစ်တပ်သည် ထိုဒေသတွင် ထိုးစစ်တစ်ခုပြုလုပ်ခဲ့ပြီး အာမေးနီးယန်းခွဲထွက်ပြည်နယ် Artsakh ကို ပြိုကွဲစေခဲ့သည်။ အဇာဘိုင်ဂျန်၏ စစ်ရေးလှုပ်ရှား မှုများအပြီးတွင် ဒေသခံ ပြည်သူ့စစ်များနှင့် အာမေးနီးယန်း လူမျိုးစုများ အစုလိုက်အပြုံလိုက် ထွက်ခွာသွားခဲ့ရသည်။


တင်ဇာ


#PAN