ကုလသမဂ္ဂအစီရင်ခံစာအရ ယခုရာစုနှစ်အတွင်း ကမ္ဘာ့လူဦးရေ အမြင့်ဆုံးအနေအထားသို့ ရောက်ရှိလာနိုင်ကြောင်း သိရ

(နိုင်ငံတကာ) ဇူလိုင် ၁၃

လာမည့်ဆယ်စုနှစ်အနည်းငယ်အတွင်း ကမ္ဘာ့လူဦးရေသည် ၂ ဘီလီယံကျော် တိုးလာမည်ဖြစ်ပြီး ၁၀ ဒသမ ၃ ဘီလီယံခန့်အထိ ရောက်ရှိလာမည်ဟု ကုလသမဂ္ဂက ကြာသပတေးနေ့ (ဇူလိုင်လ ၁၁ ရက်) တွင် ထုတ်ပြန်သည့် အစီရင်ခံစာသစ်တွင် ခန့်မှန်းထားသည်။

သို့သော် ထိုကဲ့သို့ တိုးတက်မှုနှုန်းသည် ၂၀၈၀ ခုနှစ်များအတွင်း အထွတ်အထိပ်သို့ရောက်ရှိပြီးနောက် လူဦးရေသည် ၁၀ ဒသမ ၃ ဘီလီယံဝန်းကျင်တွင် အချိန်အတော်ကြာတန့်နေမည်ဖြစ်ကြောင်း အစီရင်ခံစာအရ သိရသည်။ ကိန်းဂဏန်းအသစ်များသည် ၂၁ ရာစုအတွက် ယခင်ကမျှော်မှန်းထားခဲ့သော ကမ္ဘာ့လူဦးရေတိုးလာမှု ခန့်မှန်းချက်ထက် ကျော်လွန်နေကြောင်း တွေ့ရသည်။

“အစောပိုင်း ဆယ်စုနှစ်တစ်ခုအတွင်း ကမ္ဘာ့လူဦးရေအမြင့်ဆုံးဖြစ်နိုင်ခြေကို ခန့်မှန်းထားချက်များနှင့်  နှိုင်းယှဉ်ပါက ကြီးမားသောပြောင်းလဲမှုဖြစ်ပြီး ၂၁ ရာစုအတွင်း တိုးတက်မှုသည် ၃၀ ရာခိုင်နှုန်း ဝန်းကျင်ဖြစ်လိမ့်မည်” ဟု အစီရင်ခံစာကို ပြုစုသည့် ကုလသမဂ္ဂလူဦးရေဌာနခွဲ အကြီးအကဲ John Wilmoth က ပြောသည်။

အမေရိကန်အပါအဝင် နိုင်ငံအများအပြားတွင် လူဝင်မှုနှုန်းထားသည် မဝေးတော့သော အနာဂတ် တွင် လူဦးရေတိုးပွားမှု၏ အဓိကအချက်ဖြစ်လာမည်ဟု မျှော်လင့်ရသည်။

“လူဝင်ရောက်မှုနှုန်း ထားသည် နိုင်ငံပေါင်း ၅၂ နိုင်ငံတွင် လူဦးရေတိုးပွားမှု၏ အဓိကမောင်းနှင်အားဖြစ်လာနိုင်ကြောင်း ခန့်မှန်းထားကြပြီး ၎င်းအုပ်စုတွင် သြစတြေးလျ၊ ကနေဒါ၊ ကာတာ၊ ဆော်ဒီအာရေဗျနှင့် အမေရိကန်ပြည်ထောင်စုတို့ပါဝင်ကြောင်း” အစီရင်ခံစာတွင် ဖော်ပြထားသည်။

“တချို့နိုင်ငံတွေ အတွက် အသားတင် လူဝင်မှုနှုန်းထားက လူဦးရေကျဆင်းမှုကို ကုစားဖို့ ကူညီပေးကြောင်း၊ ဂျာမနီ၊ ဂျပန်၊ အီတလီ၊ ရုရှားဖက်ဒရေးရှင်းနှင့် ထိုင်းနိုင်ငံတို့ အပါအဝင် ဤအုပ်စုရှိ နိုင်ငံပေါင်း ၁၉  နိုင်ငံ၏ လူဦးရေသည် ကျဆင်းလျက်ရှိပြီး ပြည်ပနိုင်ငံများမှ လူဝင်ရောက်မှုကြောင့်သာ မသိသာ သောအခြေအနေဖြစ်ကြောင်း” ရိကန်ပြည်ထောင်စုတို့ အစီရင်ခံစာက ဖော်ပြထားသည်။

ကမ္ဘာ့နိုင်ငံအများစုသည် မွေးဖွားနှုန်းနိမ့်ကျပြီး သက်တမ်းပိုရှည်သည့်ဘက်သို့ တူညီစွာ ကူးပြောင်း လာကြပြီး လက်တစ်ဆုပ်စာနိုင်ငံသာ လာမည့်ဆယ်စုနှစ်များအတွင်း သိသိသာသာ လူဦးရေ တိုးလာမည်ဟု မျှော်လင့်ရသည်။

အန်ဂိုလာ၊ ဗဟိုအာဖရိကသမ္မတနိုင်ငံ၊ ကွန်ဂိုဒီမိုကရက်တစ် သမ္မတနိုင်ငံ၊ နိုင်ဂျာနှင့် ဆိုမာလီယာအပါအဝင် နိုင်ငံကိုးနိုင်ငံမှ လူဦးရေများသည် အရွယ်အစား အားဖြင့် နှစ်ဆတိုးလာကာ ၂၀၂၄ နှင့် ၂၀၅၄ ခုနှစ်ကြားတွင် လူဦးရေများ ပိုမိုများပြားလာနိုင် ကြောင်း အစီရင်ခံစာတွင် ဖော်ပြထားသည်။

ယင်းနိုင်ငံများသည် ကာလတစ်လျှောက် ခန့်မှန်း ထားသည့် ကမ္ဘာ့လူဦးရေ တိုးတက်မှုနှုန်း၏ ငါးပုံတစ်ပုံကျော်ကို ပံ့ပိုးပေးရန် မျှော်လင့်ရသည်။

တင်ဇာ

#PAN