BRICS အဖွဲ့ဝင်များက ကိုယ်ပိုင်ပါလီမန်ထူထောင်နိုင်ကြောင်း သမ္မတပူတင်ထုတ်ဖော်ပြောကြား


(နိုင်ငံတကာ) ဇူလိုင် ၁၂

BRICS အဖွဲ့ဝင်များသည် အနာဂတ်တွင် ၎င်းတို့၏ ကိုယ်ပိုင်ပါလီမန်ကို ထူထောင်နိုင်မည် ဖြစ်ကြောင်း ရုရှားသမ္မတ ဗလာဒီမာပူတင်က ကြာသပတေးနေ့ (ဇူလိုင်လ ၁၁ ရက်) တွင် စိန့်ပီတာစဘတ်၌ ပြုလုပ်သည့် ဆယ်ကြိမ်မြောက် ပါလီမန်ဖိုရမ်တွင် ပြောကြားခဲ့သည်။

ယခု နှစ်တွင် အဖွဲ့ဝင်သစ်များ တိုးလာကြောင်း ရုရှားခေါင်းဆောင်က မှတ်ချက်ပြုခဲ့သည်။ အဖွဲ့၏ လက်ရှိဥက္ကဌအဖြစ် တာဝန်ယူထားသော ရုရှားနိုင်ငံသည် ယခုနှစ်အစောပိုင်းတွင် အဖွဲ့ဝင် သစ်လေးဦးကို ပေါင်းစည်းပြီးနောက် ထိရောက်စွာပေါင်းစည်းနိုင်ရေးအတွက် ကြိုးပမ်းအားထုတ် မှုများကို အရှိန်မြှင့်လုပ်ဆောင်လျက်ရှိကြောင်း ၎င်းက ပြောကြားခဲ့သည်။

BRICS ကို ဘရာဇီး၊ ရုရှား၊ အိန္ဒိယနှင့် တရုတ်တို့က ၂၀၀၆ ခုနှစ်တွင် တည်ထောင်ခဲ့ပြီး တောင်အာဖရိကသည် ၂၀၁၁ ခုနှစ်တွင် ပူးပေါင်းပါဝင်ခဲ့သည်။ အီဂျစ်၊ အီသီယိုးပီးယား၊ အီရန်နှင့် အာရပ်စော်ဘွားများ ပြည်ထောင်စုတို့က တင်းပြည့်အဖွဲ့ဝင်များအဖြစ် ယခုနှစ်တွင် တိုးချဲ့ပါဝင် လာခဲ့သည်။

“ယခုအချိန်ထိ BRICS တွင် ပါလီမန်အဖွဲ့အစည်းဟူ၍ မရှိသေးကြောင်း၊ သို့သော် အနာဂတ်တွင် ၎င်းအကြံအစည်ကို သေချာပေါက် အကောင်အထည်ဖော်နိုင်မည်ဟု ယုံကြည်ကြောင်း” ပူတင်က ပြောကြားခဲ့သည်။ ရုရှားသမ္မတက BRICS အဖွဲ့သည် စီးပွားရေး၊ ရင်းနှီးမြှုပ်နှံမှုနှင့် နည်းပညာ ပူးပေါင်းဆောင်ရွက်မှုများတွင် အလားအလာကောင်းများကို ရှာဖွေနိုင်မည်ဖြစ်ကြောင်း ပြောကြား ခဲ့သည်။

အဖွဲ့၏ ပါလီမန်ဖိုရမ်ကဲ့သို့သော အခမ်းအနားများသည် ကမ္ဘာ့ရေးရာများတွင် BRICS ၏ သြဇာလွှမ်းမိုးမှုကို အားကောင်းစေပြီး ပိုမိုလုံခြုံပြီး ပိုမိုသဟဇာတဖြစ်သော ကမ္ဘာကြီးဖြစ်အောင် ကူညီပေးကြောင်းလည်း ၎င်းက ပြောကြားခဲ့သည်။

အဖွဲ့၏ ဦးစားပေးလုပ်ငန်းများတွင် BRICS အဖွဲ့အတွင်း ငွေပေးချေမှုများကို ပြုလုပ်နိုင်ရန်အတွက် ယုံကြည်စိတ်ချရသော ငွေကြေးစနစ်များ ဖွံ့ဖြိုးတိုးတက်မှုမှတစ်ဆင့် ကမ္ဘာ့စီးပွားရေးတွင် အပြုသဘောဆောင်သော အပြောင်းအလဲများရရှိသည်အထိ သွားမည်ဟု ရည်မှန်းထားသည်။ ပြီးခဲ့သည့်လက ရုရှားဘဏ္ဍာရေးဝန်ကြီး Anton Siluanov သည် BRICS အဖွဲ့ဝင်နိုင်ငံများမှ ဘဏ္ဍာရေးဝန်ကြီးများက အနောက်အုပ်စုကြီးစိုး ထားသော SWIFT ဘဏ္ဍာရေးစနစ်အစား အသုံးပြုနိုင်သည့် ဘုံ blockchain-based ငွေပေးချေမှုစနစ်ကို စတင်ရန် ဖြစ်တန်စွမ်းများကို စစ်ဆေးနေကြောင်း ထုတ်ပြန်ကြေငြာခဲ့သည်။

ရုရှားသည် နိုင်ငံသုံးငွေကြေးများဖြင့် BRICS နိုင်ငံများအကြား ကုန်သွယ်မှုပြုလုပ်ခြင်းဖြင့် SWIFT မှထွက်ခွာရန် ကြိုးပမ်းမှုများကို အရှိန်မြှင့်ဆောင်ရွက်လျက်ရှိသည်။ ကုန်သွယ်မှုပေးချေခြင်း များအတွက် အမေရိကန် ဒေါ်လာနှင့် ယူရိုကို အသုံးပြုခြင်းကို လျှော့ချကာ အဖွဲ့၀င်များမှ လမ်းကြောင်းသစ်ကို ပိုမိုထောက်ခံလာခဲ့သည်။ BRICS နိုင်ငံများနှင့် ရုရှားနိုင်ငံအကြား နိုင်ငံသုံး ငွေကြေးများဖြင့် ငွေပေးချေခြင်းသည် ၂၀၂၃ နှစ်ကုန်ပိုင်းတွင် ၈၅ ရာခိုင်နှုန်းသို့ ခုန်တက်သွား ခဲ့သည်။

PAN ကိုထောက်ပံ့လိုရင်တော့ ( KBZ Pay, AyA Pay, Wave Pay – 09425318387 ) တွေကနေ ထောက်ပံ့ပေးနိုင်ပါတယ်။

Telegram>>…
https://t.me/positiveanglenews

PAN

TZ #SZ