အာဟာရကြွယ်ဝတဲ့ ကုဆိုင်


(ကျန်းမာရေး) ဇူလိုင် ၁၂

ကုဆိုင်ဆိုတာ ကြက်သွန်အမျိုးအနွယ် (ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ ကြက်သွန်မြိတ်) ထဲမှာ ပါဝင်ပြီး နှစ်ရှည်ပင်အမျိုးအစား ဖြစ်ပါတယ်။ သူ့ရဲ့ အဓိပ္ပာယ်ကတော့ လက်တင်စကားလုံး “cepa” ကနေဆင်းသက်လာတာဖြစ်ပြီး “ကြက်သွန်” လို့ပဲ ခေါ်ဆိုကြတာဖြစ်ပါတယ်။ ၎င်းတို့ဟာ ကြီးမားရှည်လျားပြီး ပါးလျတဲ့အရွက်တွေပါရှိကာ မြက်ပင်များလိုပဲ အစုအဝေးနဲ့ ပေါက်ရောက်ကြတာဖြစ်ပါတယ်။ ခရမ်းရောင်ပန်းပွင့်များ ပွင့်လေ့ရှိပေမဲ့ ၎င်းတို့ဟာ အခြားသော ကြက်သွန်ပင်အမျိုးအစားများကဲ့သို့ မြေအောက်မှာ ဥ (bulb) ချတာမျိုးတော့ မရှိကြပါဘူး။

ကုဆိုင်ကို အသားဟင်းလျာ၊ ဟင်းချို၊ အဆာသွတ်မုန့်၊ ဖက်ထုပ်နဲ့ အကြော်အလှော် စတဲ့ အစားအစာတွေထဲမှာ အနံ့အရသာအတွက် ဟင်းခတ်အမွှေးအကြိုင်အဖြစ်နဲ့ ထည့်သွင်းအသုံးပြုကြသလို ၎င်းရဲ့ ဆေးဖက်ဝင်ဂုဏ်သတ္တိတွေကြောင့်လည်း အသုံးပြုစိုက်ပျိုးကြတာ ဖြစ်ပါတယ်။ ကုဆိုင်မှာဆိုရင် အိပ်စက်ခြင်းနဲ့ အရိုးကျန်းမာရေးအတွက် အရေးကြီးတဲ့ အာဟာရဓာတ်တွေ ပါဝင်နေတာဖြစ်ပါတယ်။ အချို့သော သုတေသနပြုချက်များအရ ကုဆိုင်နဲ့ အခြားသော allium မျိုးရင်းဝင် ဟင်းသီးဟင်းရွက်တွေမှာ ပါဝင်နေတဲ့ ဓာတုပစ္စည်းများဟာ ကင်ဆာရောဂါကို ဆန့်ကျင်နိုင်တဲ့ အာနိသင်များနဲ့ ချိတ်ဆက်ထားတယ်လို့ ဆိုပါတယ်။

ပါဝင်သော အာဟာရဓာတ်များ

ကုဆိုင်ဟာ အာဟာရဓာတ်ပေါများတဲ့ အစားအစာတစ်မျိုး ဖြစ်ပါတယ်။ ဆိုလိုတာက ၎င်းတို့ဟာ ကယ်လိုရီနည်းပါးပြီး ဗီတာမင်များ၊ သတ္တုဓာတ်များနဲ့ ဓာတ်တိုးဆန့်ကျင်ပစ္စည်းများ အပါအဝင် အကျိုးပြုတဲ့ အာဟာရများ မြင့်မားစွာပါဝင်နေတာ ​ဖြစ်ပါတယ်။ အဆိုပါအာဟာရဓာတ်များ ရရှိဖို့ဆိုရင်တော့ လူတစ်ယောက်ဟာ ကုဆိုင်များများ စားဖို့လိုပါလိမ့်မယ်။ သို့ပေမဲ့ များသောအားဖြင့်တော့ ကုဆိုင်ကို ဟင်းခတ်အမွှေးအကြိုင်အဖြစ်နဲ့ပဲ အသုံးပြုကြတာများပါတယ်။ အစားအသောက်တွေထဲမှာ အလွန်ဆုံးမှ ထမင်းစားဇွန်း ၁ ဇွန်း သို့မဟုတ် ၃ ဂရမ်ခန့်လောက်သာ အသုံးပြုကြတာ ဖြစ်ပါတယ်။ ကုဆိုင်မှာ ပါဝင်နေတဲ့ အာဟာရဓာတ်တွေကတော့ ဗီတာမင် စီ၊ ဗီတာမင် ကေ၊ ဖောလိတ် (folate)၊ ဗီတာမင် အေ၊ ကယ်လ်စီယမ်၊ ပိုတက်စီယမ် စတဲ့ အာဟာရဓာတ်တွေ ပါဝင်နေတာဖြစ်ပါတယ်။

ကင်ဆာ ကာကွယ်ပေးခြင်း

ကုဆိုင်အပါအဝင် alliums မျိုးရင်းဝင် အပင်များဟာ ကင်ဆာရောဂါကို ကာကွယ်နိုင်ကြောင်း (သို့မဟုတ်) ဆန့်ကျင် တိုက်ဖျက်နိုင်ကြောင်း လေ့လာမှုများစွာမှာ တွေ့ရှိခဲ့ကြတာ ဖြစ်ပါတယ်။ ဆာလ်ဖာဓာတ်အပါအဝင် ကုဆိုင်မှာတွေ့ရှိရတဲ့ အချို့သော ဒြပ်ပေါင်းများဟာ ကင်ဆာဆဲလ်များ ခန္ဓာကိုယ်အနှံ့ ကြီးထွားခြင်း (သို့မဟုတ်) ပြန့်ပွားခြင်းကို ဟန့်တားပေးနိုင်တယ်လို့ ဆိုပါတယ်။ ကင်ဆာရောဂါ ဆန့်ကျင်ပေးနိုင်တယ်ဆိုတဲ့တွေ့ရှိချက်အတွက် နောက်ထပ် ကျယ်ပြန့်တဲ့လေ့လာမှုတွေ ထပ်လုပ်ဖို့တော့ လိုအပ်ပါသေးတယ်။ ဥပမာအားဖြင့် ၂၀၁၉ ခုနှစ်က သုံးသပ်ချက်တစ်ခုအရ ကင်ဆာရောဂါကို ကာကွယ်ရန် (သို့မဟုတ်) အပြုသဘောဆောင်တဲ့ လွှမ်းမိုးမှုပြုလုပ်ဖို့အတွက် ကွဲပြားတဲ့ allium ဟင်းသီးဟင်းရွက်မျိုးစိတ် ၁၆ မျိုးကို သုတေသနပြုခဲ့ရာမှာ သုတေသီတွေအနေနဲ့ S-allyl mercaptocysteine, quercetin, flavonoids နဲ့ ajoene တို့ကဲ့သို့ ကင်ဆာရောဂါကိုဆန့်ကျင်နိုင်တဲ့ ဒြပ်ပေါင်းတွေ ကုဆိုင်မှာပါဝင်တယ်ဆိုတာကို မီးမောင်းထိုးပြနိုင်ခဲ့ပါတယ်။

အိပ်စက်ခြင်းနဲ့ စိတ်ပိုင်းဆိုင်ရာ ကောင်းမွန်စေခြင်း

ကုဆိုင်မှာ cholineနဲ့ folate ဆိုတဲ့ဓာတ်တွေ အနည်းငယ်စီ ပါဝင်နေတာ ဖြစ်ပါတယ်။ Choline ဓာတ်ဟာ ဆဲလ်အမြှေးပါးများ တည်ဆောက်မှုကို ထိန်းသိမ်းရာမှာ ကူညီပေးနိုင်သော အရေးကြီးတဲ့ အာဟာရဓာတ်တစ်မျိုး ဖြစ်ပါတယ်။ ထို့အပြင် Choline ဓာတ်ဟာ စိတ်ခံစားချက်၊ မှတ်ဉာဏ်၊ ကြွက်သားထိန်းချုပ်မှုအပြင် ဦးနှောက်နဲ့အာရုံကြောဆိုင်ရာ လုပ်ဆောင်ချက်များကိုလည်း ကူညီပေးနိုင်တာ ဖြစ်ပါတယ်။ Folate ဓာတ်ကတော့ အယ်လ်ဇိုင်းမား၊ မွေးရာပါ နှလုံးချို့ယွင်းမှု၊ နှလုံးသွေးကြောနဲ့ လေဖြတ်ခြင်းကဲ့သို့ ပြဿနာတွေကို ကာကွယ်ပေးနိုင်တာ ဖြစ်ပါတယ်။ ထို့ကြောင့် ကုဆိုင်ပါဝင်တဲ့ အစားအစာတွေကို ပုံမှန်စားသုံးပေးခြင်းဖြင့် အယ်လ်ဇိုင်းမားရောဂါကို ကာကွယ်ပေးနိုင်သလို မှတ်ဉာဏ်တိုးတက်မှုကိုလည်း ထောက်ပံ့ပေးမှာ ဖြစ်ပါတယ်။

အမြင်အာရုံကောင်းစေခြင်း

ကုဆိုင်မှာ ကာရိုတီးနွိုက် (carotenoids) တွေဖြစ်ကြတဲ့ lutein နဲ့ zeaxanthin တို့လည်း ပါဝင်နေတာ ဖြစ်ပါတယ်။ အချို့သော သုတေသနအရင်းမြစ်မျအရ lutein နဲ့ zeaxanthin တို့ဟာ အသက်အရွယ်ကြောင့်ဖြစ်ပေါ်လာတတ်တဲ့ ကြွက်သားများ ယိုယွင်းဆုတ်ယုတ်လာခြင်း (macular degeneration) ကိုကာကွယ်ဖို့ရာ မျက်လုံးရဲ့ မြင်လွှာ (မျက်ကြောလွှာ) မှာ စုစည်းနေလေ့ရှိတယ်လို့ ဆိုပါတယ်။ ဆိုလိုတာက အဆိုပါဓာတ်တွေ ကြွယ်ဝစွာပါဝင်နေတဲ့ ကုဆိုင်ကဲ့သို့ အစားအစာများ စားသုံးခြင်းဟာ အမြင်အာရုံကို အကျိုးပြုနိုင်တယ်လို့ ဆိုလိုတာဖြစ်ပါတယ်။

အရိုးပွရောဂါကို ကာကွယ်ပေးခြင်း

ကုဆိုင်မှာ အရိုးသိပ်သည်းဆအတွက် အလွန်အရေးကြီးတဲ့ ဗီတာမင် ကေ ဓာတ်လည်း ပါ၀င်နေပါတယ်။ သိပ္ပံပညာရှင်များအနေနဲ့ ဗီတာမင် ကေ ဖြည့်စွက်ဆေးများဟာ အရိုးပွရောဂါ (Osteoporosis) ကိုကုသရာမှာ ထိရောက်မှု ရှိ၊ မရှိ လေ့လာနေကြတာဖြစ်ပြီး အာရှတိုက်ရဲ့ အချို့ဒေသတွေမှာတော့ အရိုးပွရောဂါကိုကုသရာမှာ အသုံးပြုနေကြပြီ ဖြစ်ပါတယ်။ ပုံမှန်အားဖြင့်တော့ ဗီတာမင် ကေ ကို ဘဝတစ်လျှောက်လုံး အရိုးသိပ်သည်းဆမြှင့်တင်ဖို့ရာအတွက် ကလေးဘဝနဲ့ အစောပိုင်းကာလတွေမှာ အသုံးပြုဖို့ အကြံပြုကြလေ့ရှိပြီး ထို့နည်းတူ ဗီတာမင် အေ ပါဝင်တဲ့ အစားအစာများဟာလည်း အသက်အရွယ်ရလာတဲ့အခါမှာ အရိုးပွရောဂါ မဖြစ်စေရန် ကူညီပေးနိုင်တယ်လို့ ဆိုပါတယ်။ ကုဆိုင်နဲ့အတူ တွဲဖက်စားသုံးနိုင်တဲ့ ဗီတာမင် ကေ ကြွယ်ဝစွာ ပါဝင်တဲ့ ဟင်းသီးဟင်းရွက်တွေကတော့ ဂေါ်ဖီထုပ်အသေး (Brussels sprouts)၊ ပန်းဂေါ်ဖီစိမ်း၊ ဂေါ်ဖီထုပ်၊ သခွားသီး စတာတွေပဲ ဖြစ်ပါတယ်။

“အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်”ဇင်ထူးနိုင် မှ ရေးသား

Telegram>>…
https://t.me/positiveanglenews

PAN

SZ