လျှပ်စစ်ကား အစီးပေါင်း ၃၀,၀၀၀ အထိ တိုးမြှင့်ထုတ်လုပ်ရန် ကမ္ဘောဒီးယားရည်မှန်း


(နိုင်ငံတကာ) ဇူလိုင် ၁၂

ကမ္ဘောဒီးယားအစိုးရအနေဖြင့် လာမည့် ၂၀၃၀ ပြည့်နှစ်ခန့်တွင် လျှပ်စစ်ကားအစီးပေါင်း ၃၀,၀၀၀ အထိ တိုးမြှင့်ထုတ်လုပ်ရန် ရည်မှန်းထားကြောင်း ဇူလိုင်လ ၁၁ ရက်တွင် ထုတ်ပြန်သည့် လျှပ်စစ်ကားထုတ်လုပ်ရေး ဆိုင်ရာ အမျိုးသားမူဝါဒချမှတ်ရေးအဖွဲ့၏ ကြေညာချက်တွင် ဖော်ပြသည်။

အလားတူပင် ကမ္ဘောဒီးယားနိုင်ငံသည် လာမည့် ၂၀၃၀ ပြည့်နှစ်ခန့်တွင်လည်း အသေးစားမော်တော်ဆိုင်ကယ်အစီးပေါင်း ၇၂၀,၀၀၀ နှင့် လျှပ်စစ်သုံးဘီး ကား အစီးပေါင်း ၂၀,၀၀၀ ခန့်အထိ တိုးမြှင့်ထုတ်လုပ်ရန် စီစဉ်ထားသည်။

နိုင်ငံ၏ လျှပ်စစ်ကားထုတ်လုပ်ရေး ဆိုင်ရာ အမျိုးသားမူဝါဒသည် အဓွန့်ရှည် တည်တံ့သည့်ဖွံဖြိုးတိုးတက်မှုကို ရရှိစေရန်နှင့် နိုင်ငံသားများ၏ ချမ်းသာ သုခကို ဖော်ဆောင်ပေးရန်အတွက် နိုင်ငံအားအကောင်းဆုံး လျှပ်စစ်မော်တော်ကား ထုတ်လုပ်ရေးနည်းပညာ ပိုင်ဆိုင်သည့် နိုင်ငံတစ်နိုင်ငံအဖြစ်သို့ အသွင်ပြောင်းလဲနိုင်ရန် ရည်မှန်းထားခြင်းဖြစ်ကြောင်း အစိုးရက ထုတ်ပြန်သည့် ကြေညာချက်တွင် ဖော်ပြထားသည်။

လျှပ်စစ်ကားများသည် သဘာဝပတ်ဝန်းကျင်ထိခိုက်မှုကို လျှော့ချနိုင်ပြီး လောင်စာဆီအတွက် ကုန်ကျစရိတ် သက်သာစေခြင်းကြောင့် ကမ္ဘောဒီးယားနိုင်ငံ၌ လူများအကြားအသုံးပြုရာတွင် ရေပန်းစားလာပြီ ဖြစ်ကြောင်း သိရသည်။

လက်ရှိတွင် ကမ္ဘောဒီးယားနိုင်ငံ၌ တရားဝင်မှတ်ပုံတင်ထားသည့် လျှပ်စစ်ကား အရေအတွက် မှာ ၁,၆၁၄ စီး၊ အပေါ့စား လျှပ်စစ်မော်တော်ဆိုင်ကယ် ၉၁၄ စီးနှင့်လျှပ်စစ်သုံးဘီးကား ၄၄၀ စီးရှိကြောင်း ဆင်ဟွာ သတင်းဌာနတွင် ဖော်ပြထားသည်။

Telegram>>…
https://t.me/positiveanglenews

PAN

SZ