ဂျာမနီတွင် တာဝေးပစ်ဒုံးကျည်များ ဖြန့်ကြက်မည့် အမေရိကန်၏အစီအစဉ်ကို ရုရှားတုံပြန်မည်


(နိုင်ငံတကာ) ဇူလိုင် ၁၂

ဂျာမနီနိုင်ငံတွင် အမေရိကန်က ၎င်းတို့၏တာဝေးပစ်ဒုံးကျည်များ ဖြန့်ကြက်မည့်အစီအစဉ်အား စစ်ရေးအရ တုံ့ပြန်နိုင်ရေးလုပ်ဆောင်မည်ဟု ရုရှားဒုတိယနိုင်ငံခြားရေးဝန်ကြီး ဆာဂျီရီယက်ကော့ က ဇူလိုင်လ ၁၁ ရက် တွင် ပြောသည်။

NATO အဖွဲ့နှင့်ဥရောပကာကွယ်ရေးအတွက် ချမှတ်ထားသည့် ကတိကဝတ်ကို ပေါ်လွင်စေရန်အတွက် အမေရိကန်၏တာဝေးပစ်ဒုံးကျည်များကို ဂျာမနီနိုင်ငံအတွင်း၌ လာမည့် ၂၀၂၆ ခုနှစ်တွင် ဖြန့်ကြက်မည် ဟု အမေရိကန်နှင့် ဂျာမနီတို့က ဇူလိုင်လ ၁၀ ရက်တွင် ပူးတွဲကြေညာချက်တစ်ရပ်ထုတ်ပြန်ပြီးနောက် ရုရှား၏ တုံပြန်မှုထွက်ပေါ်လာခြင်းဖြစ်သည်။

ဂျာမနီနိုင်ငံတွင် ဖြန့်ကြက်မည့်ဒုံးကျည်များတွင် SM-6 Tomahawk ခရုစ် ဒုံးကျည်များ၊ လက်ရှိ ဥရောပတွင် အသုံးပြုနေသည့်လက်နက်စနစ်များထက် ပိုမိုဝေးကွာသည့် အကွာအဝေးရှိ ပစ်မှတ်များကို တိုက်ခိုက်နိုင်သည့် အသံထက်မြန် လက်နက်စနစ်များပါဝင်မည် ဖြစ်သည်။

အဆိုပါ ဒုံးကျည်များကို ဂျာမနီနိုင်ငံအတွင်း၌ ကာလရှည်ကြာဖြန့်ကြက်ရန် စီစဉ်လျက်ရှိကြောင်း သိရသည်။ အမေရိကန်၏ အဆိုပါအစီအစဉ်သည် ရုရှားနိုင်ငံအား ရန်စရန်ရည်ရွယ်သည့်တင်းမာမှုမြင့်တက်ရေး လုပ်ဆောင်ခြင်းဖြစ်ကြောင်း ဆာဂျီရီယက်ကော့ က တုံ့ပြန်ပြောကြားခဲ့သည်။

အမေရိကန်ပြည်ထောင်စုက ၎င်းတို့၏နျူကလီးယား ထိပ်ဖူးတပ်ဆင်နိုင်သည့် တာလတ်ပစ်နှင့်တာတိုပစ် ဒုံးကျည်များကို ဥရောပနှင့်အာရှဒေသများ၌ ဖြန့်ကြက်ခဲ့ပြီးနောက် ရုရှားအနေဖြင့်လည်း နျူကလီးယား ထိပ်ဖူးတပ်ဆင်နိုင်သော အလားတူလက်နက်များ ထုတ်လုပ်ခြင်းကို ပြန်လည်စတင်၍ ၎င်းဒုံးကျည်များအား မည်သည့်ဒေသ၌ ဖြန့်ကြက်မည်ကို စဉ်းစားနေကြောင်း ရုရှားသမ္မတ ဗလာဒီမာပူတင် က ပြီးခဲ့သည့်လအတွင်း၌ ပြောကြားခဲ့ကြောင်း ST သတင်းဌာနတွင် ဖော်ပြထားသည်။

Telegram>>…
https://t.me/positiveanglenews

PAN

SZ