၀မ်းပျက်ဝမ်းလျှောရောဂါအကြောင်း သိကောင်းစရာ


(ကျန်းမာရေး) ဇူလိုင် ၁၁

မကြာခဏဝမ်းအရည်သွားတာကို ဝမ်းပျက်ဝမ်းလျှောတယ်လို့ခေါ်ပါတယ်။ ဝမ်းပျက်ဝမ်းလျှောရောဂါက ဗက်တီးရီးယား သို့မဟုတ် ဗိုင်းရပ်စ်ကြောင့်ဖြစ် တတ်ပါတယ်။ ဝမ်းပျက်တာအများစုက ယာယီသာ ဖြစ်ပြီး ခန္ဓာကိုယ်က ကောင်းကောင်းထိန်းချုပ်နိုင်ပါတယ်။ တကယ်လို့ ဝမ်းပျက်တာ တာရှည်ဖြစ်ရင် ရေဓာတ်ဆုံးရှုံးနိုင်ပါတယ်။

ဝမ်းပျက်ဝမ်းလျှောတာနဲ့အတူ ကိုယ်ပူခြင်း၊ ဝမ်း ဗိုက်ထိုးအောင့်ခြင်း၊ ကိုယ်အလေးချိန်လျော့ကျသွား ခြင်းတွေဖြစ်ရင် ဆရာဝန်နဲ့ပြသသင့်ပါတယ်။

ကိုယ်အလေးချိန်အလွန်အမင်းကျသွားခြင်း၊ ပျို့ ခြင်း၊ အန်ခြင်း၊ လေပွခြင်း၊ ဗိုက်ပွခြင်း၊ စအိုဝယားယံခြင်း လက္ခဏာတွေရှိနေရင် အူထဲမှာ သန်ကောင်တွေရှိနေနိုင်လို့ သန်ချဆေးသောက်သုံးသင့်တယ်။ မောပန်းခြင်း၊ ကိုယ်အလေးချိန်ကျဆင်းခြင်း၊ အန်ခြင်း၊ ဝမ်းဗိုက်နာခြင်းလက္ခဏာတွေရှိရင် ဝမ်းပျက်တာနဲ့ အာဟာရချို့တဲ့ရောဂါ ရှိနေပါတယ်။ ဘာလီနဲ့ မုယောစပါးမှာပါတဲ့ ပရိုတင်းတစ်မျိုးဖြစ်တဲ့ ဂလူတင်က အူနဲ့နံရံတွေကို ဖျက်ဆီးလိုက်တာကြောင့်ပဲဖြစ်တယ်။ ဂလူတင်ပါတဲ့ အစာတွေကို ရှောင်သင့်ပါတယ်။

အန်ခြင်း၊ ဝမ်းဗိုက်နာကျင်ခြင်း၊ ဝမ်းပျက်ခြင်း၊ တစ်ခါတစ်ရံ သွေးပါခြင်း၊ ကိုယ်စားတဲ့အစာနဲ့ ဆင်တူစားတဲ့ တခြားသူတွေမှာလည်း ကိုယ့်လိုဖြစ်နေခြင်း လက္ခဏာတွေက အဆိပ်သင့်ခြင်းရောဂါ ဖြစ်တယ်။ အမျိုးအစားပေါ်မူတည်ပြီး ရောဂါပိုးရှိနေတဲ့ အစာကို စားအပြီး တစ်နာရီအကြာမှာစဖြစ်တာနဲ့ အစာစားပြီး သုံးရက်၊ ငါးရက်ကြာမှ ဖြစ်တဲ့အထိ ကွဲပြားနိုင်တယ်။ အစာအဆိပ်သင့်တတ်သူ အများစုက သာမန်နောက်ဆက်တွဲဆိုးကျိုးမရှိဘဲ ပျောက်ကင်းသွားနိုင်ပါတယ်။

ပျို့ခြင်း၊ အစာစားချင်စိတ်မရှိခြင်း၊ ကိုယ်အလေး ချိန်လျော့ကျခြင်း၊ ဝမ်းဗိုက်အောင့်ခြင်း၊ ဝမ်းသွား လိုက်၊ ဝမ်းချုပ်လိုက် တစ်လှည့်စီဖြစ်ခြင်း လက္ခဏာတွေက အူမကြီးထိခိုက်လွယ်ရောဂါစုကြောင့်ဖြစ်ပြီး ပြင်းပြင်း ထန်ထန် ပျက်စီးမှုမရှိပါဘူး။ အဲဒီပြဿနာကြောင့် ကိုယ့်ရဲ့နေ့စဉ်ဘဝနေထိုင်မှုကို အနှောင့်အယှက် ဖြစ်ရင် ဆရာဝန်နဲ့ပြသဆွေးနွေးသင့်ပါတယ်။ အူမကြီးထိခိုက်လွယ်ရောဂါစုရှိရင် အူမကြီးအနေနဲ့ ကိုယ့်ကိုယ်ကိုယ်ထိန်းချုပ်နိုင်မှု မရှိတော့ဘူး။ ညှစ်အားပြင်းလွန်းနိုင်ပြီး အစာတွေကို အစာခြေစနစ်ကနေ မြန်မြန်ထွက်သွားစေတဲ့အတွက် ဝမ်းဗိုက်အောင့်ပြီး ဝမ်းပျက်ဝမ်းလျှောဖြစ်တတ်ပါတယ်။ ဒါမှမဟုတ် အူမကြီးညှစ်အားမရှိတော့တာကြောင့် အူအတွင်း အစာတွေအကြာကြီးရှိနေတတ်ပြီး ဗိုက်ပွတာနဲ့ ဝမ်းချုပ်တာတွေ ဖြစ်တတ်တယ်။ ဒီရောဂါတွေက စိတ်ဖိစီးမှုကြောင့် ဖြစ်နိုင်တယ်လို့ ဆရာဝန်တွေက ယူဆကြပါတယ်။

ညှစ်အားပြင်းထန်မှုက ကိုယ်စားတဲ့အစာပမာဏ ပေါ်မူတည်တတ်ပါတယ်။ အဆီအစာတွေက ညှစ်အား ပြင်းထန်မှုကို လျော့ကျစေပါတယ်။ စိတ်ဖိစီးမှုကြောင့် အူမကြီးညှစ်အားဖြစ်အောင် လှုံ့ဆော်နိုင်ပါတယ်။ ဝေဒနာရှင်တွေအနေနဲ့ စိတ်ဖိစီးမှုဖြေလျှော့နည်းကို လေ့ကျင့်ပြီး နေထိုင်ဖို့လိုပါတယ်။

ဒါကြောင့် အမျှင်ဓာတ်ပါဝင်တဲ့အစာတွေ စားသင့်ပါတယ်။ အမျှင်ဓာတ်ပါဝင်မှုများတဲ့ အစာတွေကြောင့် အူမကြီးက သူ့အလုပ်သူ လွယ်လွယ်ကူကူပြုလုပ်နိုင်ပြီး အူမကြီးအလုပ်မလုပ်ခြင်းဖြစ်ဖို့ အခွင့်အလမ်း နည်းသွားနိုင်တယ်။ စိတ်ဖိစီးမှုအတွက် အမျှင်ဓာတ်အားလုံးမကောင်းနိုင်ပါဘူး။ တချို့အမျှင်ဓာတ်တွေက စိတ်ဖိစီးမှုလက္ခဏာကို ပိုဆိုးစေပါတယ်။

ကဖင်းဓာတ်ကိုရှောင်သင့်ပါတယ်။ ကဖင်းဓာတ်ကြောင့် အိပ်ငိုက်ပြေစေကာ အိပ်ရာက နိုးထစေနိုင် သလို အူမကြီးကိုလည်း လှုံ့ဆော်မှုပေးနိုင်ပြီး ဝမ်းပျက်ဝမ်းလျှော ဖြစ်စေနိုင်ပါတယ်။

ဘယ်အစာကြောင့် စိတ်ဖိစီးမှုဝေဒနာပိုဆိုးသလဲဆိုတာ မှတ်ထားသင့်ပါတယ်။ အစာကြောင့် လှုံ့ဆော် မှုဖြစ်တာက တစ်ယောက်နဲ့တစ်ယောက် မတူညီကြပါဘူး။ ဆီကြော်စာ၊ အစပ်စာ သို့မဟုတ် တချို့အစာတွေကြောင့် စိတ်ဖိစီးမှုအဖြစ်များပါတယ်။ အစာပမာဏအနည်းငယ်သာစားသင့်ပါတယ်။ အစာပမာဏ များများစားတာကြောင့် စိတ်ဖိစီးမှုဝေဒနာရှိသူတွေမှာ ဝမ်းပျက်ဝမ်းလျှောဖြစ်တတ်ပါတယ်။ ဒါကြောင့် တစ်ကြိမ်ကို ပမာဏအနည်းငယ်နဲ့ မကြာခဏစားပေး သင့်ပါတယ်။

လေ့ကျင့်ခန်းပြုလုပ်သင့်ပါတယ်။ နေ့စဉ်နာရီဝက်မှ တစ်နာရီကြာခန့် အပြေး၊ လမ်းလျှောက်၊ ရွရွပြေး၊ စက်ဘီးစီး၊ ရေကူးပြုလုပ်သင့်ပါတယ်။ လေ့ကျင့်ခန်း ပြုလုပ်ခြင်းအားဖြင့် စိတ်ဖိစီးမှုလျော့ကျနိုင်ပါတယ်။

သီချင်းနားထောင်တာ၊ စာဖတ်တာ သို့မဟုတ် လမ်းအမြန်လျှောက်တာတွေလည်း ပြုလုပ်သင့်ပါတယ်။

နို့နဲ့နို့ထွက်ပစ္စည်း ဓာတ်မတည့်ခြင်းဖြစ်နိုင်ပါတယ်။ တချို့လူတွေက အသက် ၄၀ ကျော်ရင် နို့နဲ့နို့ ထွက်ပစ္စည်းသောက်ရင်၊ စားရင် ဝမ်းလျှောတတ်တယ်။ အစာအိမ်နဲ့အူလမ်းကြောင်းက လက်တိုဂျင်အင်ဇိုင်း အားနည်းသွားလို့ မချေဖျက်နိုင်တဲ့အခါ နို့နဲ့နို့ထွက် ပစ္စည်းအစာမကြေတော့ဘဲ ဝမ်းလျှောတာဖြစ်ပါတယ်။

ပရိုဘိုင်အိုတစ် (Probiotics) မရှိတာဖြစ်နိုင်ပါ တယ်။ အစာအိမ်နဲ့ အူလမ်းကြောင်းတစ်လျှောက်မှာ လူကိုအကျိုးပြုတဲ့ ဗက်တီးရီးယားတွေရှိနေပါတယ်။ ဝမ်းမကြာခဏနုတ်ခြင်း၊ ဝမ်းပျော့ဆေး နေ့စဉ် စားခြင်းကြောင့် အစာမကြေနိုင်ဘဲ စားပြီးတာနဲ့ ဝမ်းသွားခြင်းဖြစ်စေနိုင်တယ်။ ဝမ်းနုတ်ဆေးစားခြင်းကို ရှောင်သင့်ပြီး အမျှင်ဓာတ်ပါတဲ့အစားအစာစားခြင်း၊ နေ့စဉ် ရေ ၂-၃ လီတာသောက်ခြင်းတို့က ကာကွယ်နိုင်ပါတယ်။

ဝမ်းကိုက်ပိုးကြောင့် ဝမ်းကိုက်၊ ဝမ်းလျှောခြင်းဖြစ် နိုင်ပါတယ်။ ရေသေချာမဆေးဘဲ စားသောက်ခြင်း၊ ဝမ်းကိုက်နေတဲ့သူက အစားအသောက်ပြင်ဆင်ချက်ပြုတ် နေခြင်း၊ ဝမ်းကိုက်ပိုးပါတဲ့ရေကိုသောက်မိခြင်း၊ စားမိ ခြင်းတို့က ဝမ်းကိုက်ခြင်းကိုဖြစ်စေပါတယ်။ စီဖရန် (Cifran 500 mg) နဲ့ မက်ထရိုနီဒါဇော (Metronida-zole 200 mg) တစ်နေ့သုံးကြိမ်နဲ့ ငါးရက်၊ ခုနစ်ရက်သောက်ခြင်း သို့မဟုတ် ဆရာဝန်နဲ့ပြသခြင်းက ကောင်းမွန်စေပါတယ်။ ။

ဒေါက်တာလွင်သန့်
ဆောင်းပါး

Telegram>>…
https://t.me/positiveanglenews

PAN

SZ